ရုရှားပိုင်နက်ထဲမှာ စစ်ရေးအရ အရေးပါတဲ့ တံတားတစင်းကို ယူကရိန်းတပ်တွေ ဖောက်ခွဲ

ဩဂုတ် ၊ ၁၇

ရုရှားပိုင်နက်ထဲ ထိုးဖောက်ဝင်ရောက်နေတဲ့ ယူကရိန်း တပ်တွေဟာ ရုရှားအနောက်ပိုင်းမှာ အရေးပါတဲ့ တံတားတစင်းကို ဖောက်ခွဲပစ်ခဲ့ပါတယ်။

အခုဆိုရင် ယူကရိန်းတပ်တွေ နယ်စပ်ကို ဖြတ်ကျော်ပြီး ရုရှားပိုင် ကက်စ်ဒေသထဲ ထိုးဖောက်ဝင်ရောက်လာခဲ့တာ ၁၀ ရက်ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။ အခုသီတင်းပတ်ကုန်မှာတော့ ယူကရိန်း တပ်တွေဟာ ဆီမ်မြစ်ကို ဖြတ်သန်း ဖောက်လုပ်ထားတဲ့ တံတားကို ဖောက်ခွဲ ဖျက်ဆီးပစ်လိုက်တာပါ။

ယူကရိန်းရဲ့ စစ်ရေး လှုပ်ရှားမှုတွေကြောင့် ဂလူရှ်ကိုဗို အပါအဝင် အနီးတဝိုက် နယ်မြေတွေနဲ့ လတ်တလော အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ရုရှား အာဏာပိုင်တွေက ပြောပါတယ်။

ဖောက်ခွဲ ခံလိုက်ရတဲ့ တံတားဟာ ရုရှားတပ်တွေ ရွေ့လျားမှုနဲ့ ထောက်ပံ့ရေး ကဏ္ဍအတွက် အရေးပါတဲ့ လမ်းကြောင်းတခု ဖြစ်နေပြီး တံတား ပျက်စီးသွားခြင်းက ရုရှားရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို အကျပ်အတည်း တွေ့စေဖွယ် ရှိပါတယ်။

အခုအခါ ယူကရိန်းတပ်တွေဟာ ရုရှားရဲ့ စတုရန်း ကီလိုမီတာ ထောင်ချီကျယ်ဝန်းတဲ့ နယ်မြေတွေကို ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားနယ်မြေတွေကို သိမ်းယူဖို့ ဆန္ဒမရှိကြောင်း၊ ရုရှား ထိန်းချုပ်ထားရာ ယူကရိန်း နယ်မြေတွေကို ပြန်လည် လက်လွှတ်ပေးရေး အပေးအယူ လုပ်နိုင်ဖို့သာ လိုလားကြောင်း ပြောကြားထားပါတယ်။

ယူကရိန်းရဲ့ ထင်မှတ်မထားတဲ့ နယ်ခြားဖြတ်ကျော် တိုက်ခိုက်မှုဟာ ရုရှားကို အငိုက်မိစေခဲ့သလို ဒေသခံ သိန်းနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ ယူကရိန်းရဲ့ စစ်ဆင်ရေး လှုပ်ရှားမှုတွေကို အမေရိကန်နဲ့ NATO စစ်မဟာမိတ် နိုင်ငံတွေရဲ့ ထောက်လှမ်းရေးတွေက နောက်ကွယ်ကနေ ပံ့ပိုးပေးနေတယ်လို့ ရုရှားက စွပ်စွဲထားပေမယ့် မဟာမိတ်တွေဖက်ကတော့ ယူကရိန်းရဲ့ အစီအမံကို ကြိုမသိခဲ့ကြောင်း ငြင်းဆိုထားကြပါတယ်။

Ref: BBC