ဩဂုတ် ၊ ၁၇
(မြန်မာ့ နိုင်ငံရေး အကျပ်အတည်းမှာ ထဲထဲဝင်ဝင် ပတ်သက်ဖို့ လက်ရှောင်ခဲ့ခြင်းဟာ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကြီးမားတဲ့ အမှားတခု ဖြစ်ပါတယ်)
အမေရိကန် ရွေးကောက်ပွဲက တရွေ့ရွေ့ နီးကပ်လာနေပါပြီ။ သေချာပေါက် ပြောနိုင်တာ တခုကတော့ ရွေးကောက်ပွဲမှာ ဘယ်ပါတီ ကိုယ်စားပြု သမ္မတလောင်းက အနိုင်ရတာပဲ ဖြစ်ပါစေ၊ လာမယ့်နှစ်ဆန်းပိုင်းကစလို့ အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ ရှိနေမယ့် သမ္မတ နေရာကတော့ အပြောင်းအလဲ ဖြစ်နေမယ် ဆိုတာပါပဲ။
လွန်ခဲ့တဲ့ သုံးနှစ်ခွဲတာ ကာလ အတောအတွင်း မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ပါဝင် ပတ်သက်မှုဟာ ရလဒ်အရရော၊ လွှမ်းမိုးနိုင်စွမ်းမှာပါ အကန့်အသတ်တွေ အများကြီး ရှိခဲ့ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဝတ်ကျေတန်းကျေလောက်သာ အာရုံစိုက်တာ၊ အတော်လေး လက်ရှောင်တာတွေနဲ့ ကိစ္စအတော်များများကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ဆီပဲ ပုံချထားခဲ့တာတွေကြောင့် ဒီအခြေအနေဟာ သိပ်မထူးဆန်းဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တဖက်မှာပဲ အဲဒီအနေအထားက အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အရမ်းမြင်သာတဲ့ အမှားတခု၊ ဒါမှမဟုတ်ရင်လည်း အနည်းဆုံးတော့ မဟာဗျူဟာ မျက်ကွယ်ရှုထောင့် တခုလို့ သတ်မှတ်ရပါလိမ့်မယ်။
အဲဒီလိုမျိုး အားကောင်းမောင်းသန် မဟုတ်တဲ့ ချဉ်းကပ်မှုမျိုးဟာ မဟာဗျူဟာ ရှုထောင့်က သုံးသပ်ချက်တွေ၊ ဒါမှမဟုတ် လက်ရှိ ပထဝီဝင် နိုင်ငံရေး အခင်းအကျင်းအပေါ် မူတည်တဲ့ လွှမ်းမိုးနိုင်စွမ်း ကန့်သတ်ချက်တွေကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ အတွေးဟာ အမြဲတော့ မမှန်ပါဘူး။ အတိတ်မှာတုန်းကဆိုရင်၊ တိတိကျကျ ပြောရရင်တော့ သမ္မတ ဘာရတ် အိုဘားမား ဦးဆောင်တဲ့ အမေရိကန် အစိုးရ လက်ထက်တုန်းကဆိုရင် မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ အားကောင်းတဲ့ ထိတွေ့ ပတ်သက်မှုတွေဟာ ထင်ရှားမြင်သာတဲ့ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေခဲ့ဖူးပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန် ရွေးချယ်တဲ့ မူဝါဒတွေဟာ ပုံမှန်အားဖြင့် ရင်းမြစ်နှစ်ခုကနေ ထွက်ပေါ်လေ့ ရှိပါတယ်။ တခုက လွှတ်တော်ပါ။ နောက်တခုကတော့ သမ္မတ ကိုယ်တိုင်ဖြစ်ပြီး ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတဟာ လွှတ်တော်ဆီက ခွင့်ပြုချက်ကို မစောင့်ဘဲ အထူးအမိန့်တွေကို ကျင့်သုံးပိုင်ခွင့် ရှိပါတယ်။
တကယ်လို့ အမေရိကန်မှာ လက်ရှိ ဒုတိယ သမ္မတဖြစ်သူ ကာမာလာ ဟားရစ်က ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲ အနိုင်ရခဲ့မယ်ဆိုရင် ဘိုင်ဒန် ကျင့်သုံးနေတဲ့ လက်ရှိ မူဝါဒတွေကနေ ကြီးကြီးမားမား သွေဖယ် ပြောင်းလဲသွားမယ့် အလားအလာ မရှိပါဘူး။ တကယ်လို့ ဟားရစ်က အာရှရေးရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး ထင်ထင်ရှားရှား အပြောင်းအလဲတွေ လုပ်ဖို့ ဆန္ဒမရှိခဲ့ဘူး ဆိုရင်ပေါ့။
အာရှရဲ့ ဇာဘုရင်အဖြစ် တင်စားခံရဖူးပြီး လက်ရှိမှာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူထားသူ ကတ်ကမ့်ဘဲလ်ဟာ ဟားရစ်ရဲ့ အစိုးရ အဖွဲ့ထဲမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍမျိုးနဲ့ ဆက်ရှိနိုင်ပါတယ်။ ဟားရစ်ရဲ့ အစိုးရက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထိတွေ့မှုတွေ မြှင့်တင်မယ်ဆိုရင် သူဟာ အာဏာသိမ်း စစ်တပ် (SAC) အပါအဝင် အစုအဖွဲ့ အားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို ဆက်လက် လုပ်ဆောင်ပြီး အငြိမ်းချမ်းဆုံး ဖြေရှင်းမှုမျိုး၊ အကျနာတာ အသက်သာဆုံး ရွေးချယ်မှုမျိုး ရရှိအောင် ကြိုးစားနိုင်ပါတယ်။ လူထုကြားမှာ ဝေဖန် ရှုတ်ချမှုတွေ ရှိနေတဲ့တိုင် သူ့ရဲ့ ကွပ်ကဲမှုနဲ့အတူ အမေရိကန်ဟာ အာဏာသိမ်း စစ်တပ်နဲ့ တရားဝင် မဟုတ်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေခဲ့ပါတယ်။
တကယ်လို့ ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့် အနိုင်ရခဲ့ပြီး အိမ်ဖြူတော်ဆီ ဒုတိယအကြိမ် ပြန်ရောက်လာမယ် ဆိုရင်တော့ အရင်တုန်းကလိုပဲ အမေရိကန်သာ ပဓာနဆိုတဲ့ မူဝါဒကိုပဲ ကိုင်ဆွဲလာနိုင်ပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ခ်ဂျွန်ဆန်က ၂၀၂၅ ခုနှစ်မှာ ထရမ့် သမ္မတ ဖြစ်လာချိန်ကျရင် ကျင့်သုံးမယ့် အမေရိကန် နိုင်ငံခြားရေး မူဝါဒတွေကို ဟတ်ဒ်ဆန် အင်စတီကျုမှာ ပြောကြားတဲ့ မိန့်ခွန်းထဲ ထည့်ပြောသွားခဲ့ပါတယ်။ အဲဒီ မူဝါဒတွေက ပထမအကြိမ် သမ္မတအဖြစ် တာဝန်ယူခဲ့ချိန်တုန်းက ထရမ့် လက်ကိုင်ပြုခဲ့တဲ့ သဘောတရားတွေကိုပဲ ပြန်လည် ထင်ဟပ်စေပါတယ်။
ဒီတော့ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေဟာ မဟာဗျူဟာ အကျိုးစီးပွား၊ အပြန်အလှန် ဆက်ဆံရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းသစ်တွေနဲ့ လူ့အခွင့်အရေး ရှုထောင့်က စိုးရိမ်သင့်တဲ့ အခြေအနေတွေကို စုစည်းထားတဲ့ အပြောင်းအလဲ ချဉ်းကပ်မှုမျိုးကို အသားပေးလေ့ ရှိပါတယ်။ ဒီတော့ ထရမ့် အစိုးရ တက်လာရင် မြန်မာ့အရေးမှာ တိုက်ရိုက် စွက်ဖက်မှု ပိုနည်းတဲ့ နည်းလမ်းမျိုးကို ကျင့်သုံးလာနိုင်ပါတယ်။ အရေးယူ ပိတ်ဆို့မှုတွေကို လျှော့ချဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့ ပိုမိုအာရုံစိုက်ပြီး စစ်တပ် ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် အပေးအယူလုပ် ညှိနှိုင်းမှုတွေလည်း ရှိလာနိုင်တယ်။
ဒီတော့ အမေရိကန်မှာ ဘယ်အစိုးရတက်တက် မြန်မာ့အရေးကို ထူးထူးခြားခြား ပိုပြီး အာရုံစိုက်လာမယ့် အလားအလာ သိပ်မရှိပါဘူး။ ဒါပေမဲ့လည်း တကယ်တမ်းမှာတော့ အမေရိကန်ဟာ မြန်မာ့အရေးမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပါဝင်သင့်တယ် ဆိုတာကို ယုံကြည်လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်တွေ ရှိနေပါတယ်။
ပထမဆုံး အနေနဲ့ မြန်မာ့ တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံခြင်းဟာ ပြည်ပမှာ ဒီမိုကရေစီ ထွန်းကားရေး အားထုတ်မှုတွေကို အားပေး ထောက်ခံမယ်ဆိုတဲ့ အမေရိကန်ရဲ့ ရပ်တည်ချက်နဲ့ တိုက်ရိုက် အကျုံးဝင်နေတယ်။ စစ်တပ်ဟာ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ တင်မြှောက်ထားတဲ့ ပြည်သူ့ အစိုးရ တရပ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသူတွေကိုလည်း ဖိနှိပ်ခဲ့၊ သတ်ဖြတ် ဖြိုခွင်းခဲ့တယ်။ နောက်ဆက်တွဲအဖြစ် ရာနဲ့ချီတဲ့ ကျေးရွာတွေကို မီးလောင်တိုက် သွင်းခဲ့တာ အပါအဝင် ပြည်သူတွေအပေါ် ရန်လို တိုက်ခိုက်ခဲ့တာတွေကြောင့် လူပေါင်း ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အာဏာနဲ့ ဓနစီးပွား ရင်းမြစ်အားလုံးနီးပါးကိုလည်း လက်ဝါးကြီး အုပ်ထားပြန်တယ်။
တော်လှန်ရေး အစိုးရအဖြစ် စစ်တပ်ကို ယှဉ်ပြိုင် ရပ်တည်နေတဲ့ မြန်မာ ပြည်သူတွေ၊ ပြီးတော့ လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေဟာ လက်နက်ကိုင် တော်လှန်ထကြွမှု လမ်းစဉ်ကနေတဆင့် စစ်တပ်ကို အန်တု စိန်ခေါ်နေကြတယ်။ ကိုယ့်ကိုယ်ကိုယ် ဒီမိုကရေစီရဲ့ ရှေ့ဆောင်လမ်းပြ နိုင်ငံတခုအဖြစ် ဂုဏ်ယူလေ့ရှိတဲ့ အမေရိကန်ဟာ အဲဒီ ရုန်းကန် လှုပ်ရှားမှုတွေကို အခွင့်အရေးအဖြစ် အမိအရ ဆုပ်ကိုင်ရင်း မြန်မာ့ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးမှာ အားပေး ကူညီသင့်ပါတယ်။
နောက်ထပ် ပိုပြီး အရေးကြီးတဲ့ မဟာဗျူဟာ မျက်နှာစာ တခုကတော့ မြန်မာ့အရေးမှာ အမေရိကန်က ဝင်ပါဖို့ ပျက်ကွက်ခဲ့ခြင်းဟာ နိုင်ငံရေး လေဟာနယ် တခုကို ဖြစ်ပေါ်စေပြီး တရုတ်က လွယ်လွယ်လေး နေရာယူနိုင်အောင် ဟပေးသလို ဖြစ်နေခြင်းပါပဲ။ တဖက်မှာလည်း မြန်မာဟာ တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ ပိုမို ကျယ်ပြောတဲ့ နောက်ခံ အခြေအနေတွေကိုပါ ထည့်တွက်ဖို့ လိုပြန်ပါတယ်။
ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုဟာ နိုင်ငံကြီး နှစ်ခုလုံးအတွက် တူညီတဲ့ လိုလားမှုတော့ ဖြစ်နေပါတယ်။ လက်ရှိ ပဋိပက္ခတွေအတွင်း မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ မဖူလုံမှု၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှု၊ ဒုက္ခသည်အရေး၊ လူသားရေးရာ အကျပ်အတည်းစတဲ့ ပြဿနာပေါင်း တသောင်းခြောက်ထောင်နဲ့ ရုန်းကန်နေရပါတယ်။ အာဏာသိမ်း စစ်တပ်ကို ဖယ်ရှားပစ်လိုက်ခြင်း တခုတည်းကသာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်တိုးတက်ရေးနဲ့ ဒေသတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေမှာ ရှည်ကြာတဲ့ အာမခံချက်မျိုး ရှိလာမယ် ဆိုတာကို အမေရိကန်က သဘောပေါက် လက်ခံဖို့ လိုပါတယ်။
နောက်ပြီး စစ်တပ်ကို ဆယ်စုနှစ်တွေနဲ့ချီ လက်နက်ကိုင် တွန်းလှန်လာတဲ့ တိုင်းရင်းသား တပ်တွေဟာ ဘဏ္ဍာရေး ရင်းမြစ် စုစည်းဖို့ နည်းလမ်းမျိုးစုံကို သုံးခဲ့ကြတယ်။ အဲဒီထဲမှာ တရားမဝင်တဲ့ လုပ်ရပ်တွေ၊ နိုင်ငံတကာ ကျင့်ဝတ် စံနှုန်းတွေနဲ့ မသင့်တော်တာတွေလည်း ပါခဲ့တယ်။ ဒီမိုကရေစီ ထွန်းကားလာမယ့် မြန်မာနိုင်ငံမှာတော့ အဲဒီ အရှုပ်အထွေးတွေကိုပါ တပါတည်း အပြီးသတ်နိုင်ပြီး ဖြစ်သွားစေလိမ့်မယ်။ ဒီအချက်ဟာ အမေရိကန် အပါအဝင် နိုင်ငံတော်တော်များများကို သွယ်ဝိုက်ပြီး အကျိုးရှိလာစေမှာပါ။
နောက်ထပ် အယူအဆ လွဲနေတာ တခုကတော့ မြန်မာ စစ်တပ်လိုမျိုး အင်အားကြီး အစုအဖွဲ့ တခုဟာ နိုင်ငံ အစိတ်စိတ် ပြိုကွဲမသွားအောင် ထိန်းသိမ်းမယ့် ဗဟိုချက်အဖြစ် ရှိနေရမယ်ဆိုတဲ့ အတွေးမျိုးပါပဲ။ ပြောရမယ်ဆိုရင် စစ်တပ် အာဏာသိမ်းလိုက် ကတည်းက မြန်မာဟာ ကျရှုံးနိုင်ငံ ဖြစ်နှင့်နေပါပြီ။ စစ်တပ်က ဆက်ပြီး သက်ဆိုးရှည်လေလေ၊ ပြိုကွဲမှုတွေက ပိုပြီး အဖတ်ဆယ် မရဖြစ်လာလေလေ၊ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခတွေ ပိုမိုနက်ရှိုင်းလေလေပါပဲ။
တကယ်ဆိုရင် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို အားပေး ကူညီတယ် ဆိုတာဟာ အမေရိကန်အတွက် အများကြီး သက်သက်သာဖြစ်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးပါ။ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံ အားပေးမယ့် ဘားမားအက် ဥပဒေကိုလည်း အမေရိကန် လွှတ်တော်က မိတ်ဆက် ပြဋ္ဌာန်းပေးထားပြီးသား ဖြစ်ပါတယ်။ ဒီတော့ အသစ်တက်လာမယ့် ဘယ်သမ္မတဖြစ်ဖြစ် အဲဒီ ဥပဒေပါ ရည်မှန်းချက်တွေကို အဟန့်အတားမရှိ ခွင့်ပြုလိုက်လျောဖို့ ဘာပြဿနာမှ မရှိပါဘူး။
အဲဒီ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အဓိက အချက်တွေ အနေနဲ့ကတော့ စစ်တပ်ရဲ့ ဝင်ငွေရင်းမြစ် အဓိက စီးပွားရေး လုပ်ငန်းတွေအပေါ် ပိုမိုတင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ တိုးမြှင့်ပေးဖို့၊ ဒီမိုကရေစီ တိုက်ပွဲဝင် အင်အားစုတွေဆီ လက်နက် မဟုတ်တဲ့ အထောက်အပံ့တွေနဲ့ နည်းပညာတွေ ပေးပို့ဖို့ ဆိုတာတွေ ဖြစ်ပါတယ်။ အတိုချုပ် ပြောရရင်တော့ NUGနဲ့ တိုင်းရင်းသား တော်လှန်ရေး တပ်တွေကို ထိထိရောက်ရောက် ကူညီ ပံ့ပိုးဖို့ပါ။
၂၀၂၄ ခုနှစ်မှာ ပထမဆုံး အကြိမ်အဖြစ် မြန်မာ့အရေးဆိုင်ရာ ကော်မတီ တခု (Burma Caucus)ကို ထူထောင်ခဲ့တာကို ကြည့်ရင် အမေရိကန် လွှတ်တော်ဟာ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို နှစ်နှစ်ကာကာ အားပေးလိုတယ် ဆိုတာကို မြင်သာစေပါတယ်။ ပြီးတော့ ၂၀၂၂ မှာ ပြဋ္ဌာန်းခဲ့တဲ့ ဘားမားအက် ဥပဒေဟာ အသစ်တက်လာမယ့် အမေရိကန် သမ္မတ တဦးက ကျင့်သုံးလုပ်ဆောင်မှု ဆိုတာထက် ဘယ်သမ္မတတက်တက် အမေရိကန် နိုင်ငံက ဆုပ်ကိုင်မယ့် မူဘောင် တခုအဖြစ် ပိုပြီး ပီပြင်သင့်ပါတယ်။ တဖက်မှာတော့ တာဝန်ယူတဲ့ နိုင်ငံခေါင်းဆောင်ရဲ့ အတွေးအမြင်အပေါ် မူတည်ပြီး လက်တွေ့ အကောင်အထည် ဖော်တဲ့ လုပ်ငန်းပိုင်းမှာတော့ ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။
ရီပတ်ဘလစ်ကန် အစုအဖွဲ့ ခေါင်းဆောင် မစ်ချ် မက်ကော်နဲလ် အပါအဝင် အထက်လွှတ်တော် အမတ်တချို့ကတော့ အခြေအနေကို စောင့်ကြည့်ပြီးမှ တုံ့ပြန်တာမျိုးထက် လာမယ့်ဘေး ပြေးတွေ့တဲ့ proactive အမြင်နဲ့ ချဉ်းကပ်မှုမျိုးတွေကို အားပေး မျှဝေနေကြပါတယ်။ ဥပမာ မကြာသေးခင်တုန်းက သူတို့ဟာ လက်ရှိ ဘိုင်ဒန်ရဲ့ အစိုးရ အနေနဲ့ မြန်မာ့အရေးအတွက် လုပ်ဆောင်မှု နည်းလမ်းတွေကို ပြန်လည် ဆန်းစစ်ဖို့၊ လိုအပ်သလို ပြင်ဆင်ဖို့ တိုက်တွန်း အကြံပြုခဲ့ကြပါတယ်။
လက်ရှိ မြန်မာနိုင်ငံနဲ့ ပြည်တွင်းရေး မျက်နှာစာတွေမှာ လျင်လျင်မြန်မြန် ပြောင်းလဲနေတဲ့ အခြေအနေတွေကို ဆန်းစစ်ကြည့်မယ်ဆိုရင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ဖက်ကို အကူအညီတွေ တိုးမြှင့်ပေးခြင်းအားဖြင့် ကမ္ဘာပေါ်မှာ သက်ဆိုးအရှည်နိုင်ဆုံး စစ်အာဏာရှင် အစုအဖွဲ့ တခုကို ဖြုတ်ချပစ်နိုင်လိမ့်မယ် ဆိုတာကို အမေရိကန်က သဘောပေါက် နားလည်သင့်နေပါပြီ။ ပြီးတော့ အဲဒီ အစုအဖွဲ့ဟာ တချိန်တုန်းကတော့ ဖြိုချလို့ကို မရနိုင်ဘူးလို့ လွန်လွန်ကဲကဲ အထင်ကြီး ခံခဲ့ရဖူးခဲ့တာပါ။ တော်လှန်ရေးကို ပိုမို ကူညီခြင်းဟာ မြန်မာပြည်သူတွေရဲ့ ချစ်ခင် ကျေးဇူးတင်မှုကို ရရှိစေမှာ ဖြစ်တဲ့အပြင် ဒေသတွင်းမှာ တရုတ်ရဲ့ ကြီးစိုးမှုကိုလည်း တုံ့ပြန်ပြီး ဖြစ်လာစေပါလိမ့်မယ်။ မြန်မာ့ ဒီမိုကရေစီရေး အစုအဖွဲ့တွေနဲ့ ပိုပြီး ထဲထဲဝင်ဝင် ထိတွေ့တာ၊ ကူညီတာတွေက အမေရိကန်အတွက် အရင်းနည်းနည်းနဲ့ အမြတ်များများ ရစေမယ့် အခင်းအကျင်း တခုပါပဲ။
(The Diplomat၏ Why the Next US President Should Shift Myanmar Policy ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)