သက်ဆင်ရဲ့ သမီး ပေတွန်တန် ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာ 

ဩဂုတ်၊ ၁၆

ဩဂုတ် ၁၆ ရက်နေ့က ပြုလုပ်တဲ့ ထိုင်းလွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူကို နိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်ဖို့ အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

လွှတ်တော်ရဲ့ မဲခွဲမှု ရလဒ်တွေကို အတည်ပြု မကြေညာသေးပေမယ့် မဲရေတွက်မှုတွေအရ အသက် ၃၇ နှစ်အရွယ် ပေတွန်တန် ရှီနာဝပ်ထရာဟာ ဝန်ကြီးချုပ်သစ် နေရာအတွက် လုံလောက်တဲ့ ဆန္ဒမဲ ပမာဏကို ကျော်လွန်အောင် စုဆောင်းနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သူဟာ ဝန်ထမ်းခန့်အပ်မှု အငြင်းပွားစရာ အရှုပ်အထွေး တခုကြောင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ စည်းမျဉ်းတွေ ချိုးဖောက်ကြောင်း စွပ်စွဲခံရပြီး ရာထူးကနေ ဖယ်ရှားခံလိုက်ရသူ ဆရက်သာ သာဗီဆင်ရဲ့ ​ဝန်ကြီးချုပ် အရိုက်အရာကို ဆက်ခံမှာပါ။

ထိုင်းအခြေခံ ဥပဒေ ခုံရုံးဟာ လွန်ခဲ့တဲ့ နှစ်ရက်ကမှ ဆရက်သာကို ဝန်ကြီးချုပ် နေရာက ဖယ်ရှားတဲ့ စီရင်ဆုံးဖြတ်ချက်ကို အတည်ပြု ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ပေတွန်တန်ဟာ ထိုင်းနိုင်ငံ သမိုင်းမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာပြီး အဒေါ်ဖြစ်သူ ယင်လတ် ရှီနာဝပ်ထရာနောက်ပိုင်း ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ ရှီနာဝပ်ထရာ မိသားစုထဲမှာတော့ ၃ ယောက်မြောက် ဝန်ကြီးချုပ်ပါ။

ထိုင်းနိုင်ငံရေးမှာ တန်ခိုးထွားနေဆဲဖြစ်တဲ့ ရှီနာဝပ်ထရာ မိသားစုနဲ့ လတ်တလော ညွန့်ပေါင်း အစိုးရထဲမှာ မလွှဲသာဘဲ မဟာမိတ်အဖြစ် ရပ်တည်နေတဲ့ ကွန်ဆာဗေးတစ် အင်အားစုတွေကြား နောက်ကွယ်က ပြိုင်ဆိုင်မှုတွေ ရှိနေသေးတဲ့ အချိန်မှာ ဖျူထိုင်းပါတီ (PTP)က ပါတီခေါင်းဆောင်ဖြစ်သူ ပေတွန်တန်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ အဆိုပြုခဲ့ခြင်းကလည်း အံ့ဩစရာ အခြေအနေ ဖြစ်ခဲ့ပါတယ်။

ပေတွန်တန်ရဲ့ ဖခင်နဲ့ အဒေါ်တို့ဟာ ဝန်ကြီးချုပ် တာဝန်ယူခဲ့ချိန်တွေ အတောအတွင်း ကွန်ဆာဗေးတစ်တွေနဲ့ နီးစပ်တဲ့ ထိုင်းစစ်တပ် အာဏာသိမ်းမှု၊ အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက်တွေကြောင့် ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။

သက်ဆင်ဟာ ထိုင်းနိုင်ငံ ပြင်ပမှာ ၁၅ နှစ်လောက် တိမ်းရှောင်နေခဲ့ရာက ပြီးခဲ့တဲ့နှစ်မှာ ဇာတိနိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။ သူဟာ လူမြင်ကွင်းမှာ ပါတီနိုင်ငံရေးနဲ့ ခပ်ကင်းကင်း ရှိနေပေမယ့် ညွန့်ပေါင်းအစိုးရကို ဦးဆောင်နေတဲ့ PTPရဲ့ နောက်ကွယ်မှာ အဓိက ကြိုးကိုင်နေဆဲလို့ ယုံကြည်ရပါတယ်။

Ref: BBC