ဩဂုတ်၊ ၁၆
ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မှာ ဒီကနေ့မနက် ၈ နာရီ ဝန်းကျင်မှာ သေနတ်ပစ်သံ ၊ ပေါက်ကွဲသံတွေ ကြားခဲ့ရတဲ့ အတွက် မြို့လူထုတွေ ထိတ်လန့်နေကြပြီး မြို့ပေါ်ကျောင်းတွေလည်း ပိတ်ထားတယ်လို့ ပုသိမ်တံတားအသစ်အနီး ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတဦးက DNA ကိုပြောပါတယ်။
“မနက်က မိုးကလည်း အရမ်းရွာနေတော့ အသံက မသဲမကွဲဘူး၊ ဒါပေမယ့် ရပ်ကွက်ထဲက လူတွေလည်း အကုန်ကြားရတယ် အသံကတော့ ကျယ်တယ် ၊ ဒါပေမယ့် အစ်ကိုတို့ ဒီနားကတော့ မဟုတ်ဘူး ၊ အစ်ကိုတို့က ရေပေါ်ဈေးနားနေတော့ ရေတပ်နဲ့ နီးတော့ အသံက ပိုကျယ်လိမ့်မယ်။ အခုတော့ ကြိုးတံတား အဟောင်းနားဘက်က ထင်တယ်၊ အချက် ၂၀ ၊ အစိပ်လောက် ကြားရတယ် ၊ ဆက်တိုက် မဟုတ်ဘူး ၊ တချက်ခြင်း သွားတာ” လို့ ပြောပါတယ် ။
အဲဒီ ဖြစ်စဉ်ပြီးနောက်ပိုင်းမှာ ကျောင်းတွေကိုလည်း ပိတ်ထားလိုက်ပြီလို့ သိရပါတယ် ။ မြို့ထဲမှာလဲ လုံခြုံရေး တင်းကျပ်နေပြီး လမ်းပေါ်မှာ အစစ်အဆေးတွေ များနေတယ်လို့ သိရပါတယ်။
“အတန်းသေးတွေကို ကျောင်းက ပြန်လွှတ်လိုက်ပြီ ။ အထက ၂ အတန်းကြီးတွေကို ကျောင်းအုပ်ကြီးက သူတာဝန်ယူတယ်လို့ ပြောတယ်။ အတန်းကြီးတွေကိုတော့ ပြန်မလွှတ်သေးဘူးလို့လည်း” ကျောင်းသားမိဘတဦးက ပြောပါတယ် ။
ဒီနေ့ မနက်ပိုင်းမှာတော့ ပုသိမ်မြို့လူထုကြာားမှာ ခန့်မှန်း သတင်းတွေများစွာ ထွက်ပေါ်နေပြီး တချို့က ပုသိမ်ရေတပ်က လက်နက် စမ်းသပ်တယ်လို့ ပြောကြသလို့ ၊ တချို့ကလည်း ပုသိမ်တံတားသစ် အဆင်း သင်းဘောကျင်း ရဲစခန်းကို သဲကား နဲ့လာပြီး သေနတ်နဲ့ ပစ်သွားတယ်လို့ ပြောကြသလို့ တချို့ကလည်း အထက ၆ ဘက်မှာ ကောင်းကင်မှာ ဒရုန်းပျံနေတာ တွေ့လို့ သေနတ်နဲ့ လိုက်ပစ်တယ်လို့လည်း ပြောနေကြတာ ရှိပါတယ် ။ ဒါပေမယ့် ဒီနေ့ မနက်ပိုင်း ၈ နာရီ ဝန်းကျင်းမှာ ပုသိမ်မြို့ပေါ်မှာ ကျည်ပေါက်သံ အချက် ၂၀ ကျော် ကြားခဲ့ရတယ်ဆိုတာကိုတော့ မြို့ခံတွေက အတည်ပြုခဲ့ကြပါတယ် ။
အဲဒီလို ပေါက်ကွဲသံတွေ ကြားရပြီး နောက်ပိုင်းမှာ အမှတ်(၉) ရပ်ကွက် သင်ဘောကျင်းဘက်ကို စစ်တပ်သုံး FAW အမျိုးအစား ကားသုံးစီး ၊ အိမ်စီးကားသုံးစီး မောင်းသွားပြီး အမှတ်(၂) တံတားကို အဝင်အထွက်တွေကို စစ်ဆေးနေတယ်လို့လည်း သိရပါတယ် ။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပစ်ခတ်သံများဖြစ်ပွားပြီးနောက် အမှတ် (၉)ရပ်ကွက် သင်္ဘောကျဉ်းဘက်ကမ်းသို့ အကြမ်းဖက်စခ Faw ကားနဲ့ အိမ်စီးကား သုံးစီး မောင်းသွားတာ တွေ့ရတယ်လို့လည်း မြို့ခံအချို့က လူမှုကွန်ယက်မှာ ရေးသားကြပါတယ် ။
လက်တလော အချိန်မှာ ဧရာဝတီတိုင်း နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ရခိုင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဧရာဝတီနဲ့ မိုင် ၅၀ ကျော်သာဝေးတဲ့ ဂွမြို့အနီးအထိ စစ်ပွဲတွေ ရောက်ရှိလာနေတာ ဖြစ်ပါတယ် ။ ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်လာကြသူတွေဟာလည်း ဧရာဝတီတိုင်းထဲကို အလုံးအရင်း ရောက်လာပြီး ဒီအခြေအနေကို စစ်တပ်က တင်းကျပ်စစ်ဆေးတာ ၊ ဧည့်စာရင်း စစ်တာ ၊ ဂွ-ငသိုင်းချောင်း လမ်းကို ပိတ်ထားတာ စတဲ့ အခြေအနေတွေရှိနေပြီး ဒီစစ်မီးဟာ မကြာခင်မှာ ဧရာဝတီတိုင်းထဲအထိ ကူးစက်လာမယ်လို့ ဒေသခံတွေက ခန့်မှန်းတွက်ဆမှုတွေ ရှိနေချိန် ဖြစ်ပါတယ် ။