ဂါဇာစစ်ပွဲတလျှောက် ပါလက်စတိုင်း အသေအပျောက် လေးသောင်းကျော်လွန်လာ

ဩဂုတ်၊ ၁၆

ဂါဇာ စစ်ပွဲကာလတလျှောက် ပါလက်စတိုင်းတွေ သေဆုံးတဲ့ အရေအတွက်ဟာ ၄၀၀၀၀ ကျော်လွန်သွားပြီလို့ သိရပါတယ်။ 

ဟားမားစ်အဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက်နေ့မှာ စတင်ခဲ့တဲ့ စစ်ပွဲတလျှောက် သေပျောက်မှုတွေဟာ စိတ်မချမ်းမြေ့စရာ ကိန်းဂဏန်း မှတ်တိုင်သစ် တခုကို ကျော်လွန်ခဲ့ပြီလို့ ဩဂုတ် ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာမှာ စစ်ဒဏ်ကြောင့် လူ ၄၀ လောက် သေဆုံးကြောင်း၊ အဲဒါကြောင့် အသေအပျောက် စုစုပေါင်းဟာ ၄၀၀၀၅ ဦးထိ ရှိလာပြီဖြစ်ကြောင်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ၁၀ လဝန်းကျင် ကြာမြင့်လာတဲ့ စစ်ပွဲတလျှောက် ပျမ်းမျှ တနေ့ကို လူ ၅၅ ယောက်လောက် သေဆုံးခဲ့တဲ့ အဓိပ္ပါယ်ပါပဲ။ နောက်ပြီး လူပေါင်း ၉၂၄၀၁ ဦးဟာ စစ်ဒဏ်ကြောင့် ထိခိုက်အနာတရ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါလက်စတိုင်း အရပ်သားတွေနဲ့ ဟားမားစ် တိုက်ခိုက်ရေးသမားတွေရဲ့ အသေအပျောက် ကိန်းဂဏန်းကို ခွဲခြားဖော်ပြထားတာမျိုး မရှိပေမယ့် သေဆုံးသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးတွေလို့ ဆိုပါတယ်။

နောက်ပြီး အပျက်အစီးတွေအောက် ပိတ်မိသွားပြီး ပြန်ရှာမတွေ့တော့ဘူးလို့ ယုံကြည်ရတဲ့ ပျောက်ဆုံးသူ ဦးရေကလည်း ၁၀၀၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည်များ ကယ်ဆယ်ရေးနဲ့ အလုပ်အကိုင်ဆိုင်ရာ အေဂျင်စီ (URWA) မဟာမင်းကြီး ဖိလစ် လက်ဇာရီနီကတော့ ကမ္ဘာကြီးဟာ အခုလို သေဆုံးမှု ကိန်းဂဏန်း မှတ်တိုင်သစ် တခုဆီ ရောက်လာတဲ့ထိ စစ်ပွဲကို ထိုင်ကြည့်နေခဲ့တယ်လို့ ဝေဖန်ခဲ့ပြီး ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု အကောင်အထည် မဖော်နိုင်ခြင်းရဲ့ အကျိုးဆက်လို့လည်း ပြောကြားသွားပါတယ်။

အစ္စရေး စစ်တပ်ကတော့ ဂါဇာက စစ်ဆင်ရေးတွေမှာ အရပ်သားတွေ ထိခိုက်သေကြေမှု နည်းနိုင်သမျှ နည်းအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ကြောင်း အစဉ်တစိုက် ပြောကြားထားပြီး ဟားမားစ်တွေကသာ စစ်ရေးပစ်မှတ် နေရာတွေမှာ ပါလက်စတိုင်း အရပ်သားတွေကို လူသားဒိုင်းတွေအဖြစ် ထားရှိခဲ့တာလို့ စွပ်စွဲထားပါတယ်။

တစ်ဖက်မှာတော့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဂါဇာက ဒုက္ခသည် ခိုလှုံရေး စခန်းတွေအဖြစ် ပြောင်းလဲ အသုံးပြုနေရာ စာသင်ကျောင်းတွေကို အစ္စရေးရဲ့ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အပေါ် နိုင်ငံတကာ ဝေဖန်မှုတွေ သိသိသာသာ မြင့်တက်လာနေပါတယ်။ 

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတုခ်ကလည်း  ပါလက်စတိုင်း အသေအပျောက် ၄၀၀၀၀ ကျော်သွားတဲ့ ဂါဇာ ပဋိပက္ခဟာ နာကျင်ကြေကွဲစရာ မိုင်တိုင်သစ် တခုကို ဖြတ်သန်းခဲ့ခြင်းလို့ ပြောကြားခဲ့ပြီး အဲဒီထဲက အများစုဟာ ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်နေတယ်ဆိုတဲ့ အရှိတရားကို မျက်ကွယ်ပြုလို့ မရကြောင်း၊ အစ္စရေး စစ်တပ် အနေနဲ့ စစ်မက်ရေးရာ စည်းမျဉ်းကျင့်ဝတ်တွေကို ပိုမို လေးစားလိုက်နာဖို့လိုကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

Ref: CNN