Photo -ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဩဂုတ်၊ ၁၄
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ မနေ့က နေ့လယ်ပိုင်းက တိုက်ပွဲမရှိဘဲ စစ်ကောင်စီလေကြောင်းဗုံးကြဲ တိုက်ခိုက်လို့ သုံးနှစ်အရွယ်ကလေးတဦးနဲ့ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးသေဆုံးသွားတယ်လို့ ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူနှစ်ဦးအပြင် ခြောက်လနဲ့ ၁၂အရွယ် ကလေးတဦးစီအပါအဝင် စုစုပေါင်း လေးဦးလည်း ဒဏ်ရာတွေရခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ကန်ပက်လက်မြို့နယ် မြောက်ဘက်မှာရှိတဲ့ ဆတ်ချောက်ကျေးရွာ စာသင်ကျောင်းကို ဦးတည်ပြီး လေကြောင်းမှုတိုက်ခိုက်မှုလုပ်ခဲ့တာလို့ ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲံထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။
ဒါပေမယ့် အဲ့ဒီတိုက်ခိုက်မှုဟာ ပစ်မှတ်လွဲချော်ခဲ့ပြီး စာသင်ကျောင်းပတ်ဝန်းကျင်က လူနေအိမ်တွေကိုထိ မှန်ခဲ့ တာကြောင့် နေအိမ်လေးလုံး လုံးဝပျက်စီးသွားကာ နှစ်လုံးကတော့ တစိတ်တပိုင်းပျက်စီးသွား တယ်လို့ သိရပါ တယ်။
ဆတ်ချောက်ကျေးရွာဟာ ဒါးရင်ဒူးဒေသ အုပ်ချုပ်မှုနယ်မြေထဲက အိမ်ခြေ ငါးဆယ်လောက်သာရှိတဲ့ ရွာငယ်တ ခုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာဟာ အရပ်သားတွေကိုဦး တည်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာလို့ ကန် ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဝေဖန်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်ကလည်း စစ်ကောင်စီဟာ ကန်ပက်လက်မြို့နယ် ချင်းလက်မွန်ရွာက စာသင် ကျောင်းကိုလေကြောင်းကနေ ဦးတည်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၈နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ပါသေးတယ်။
စစ်ကောင်စီက အခုလို စာသင်ကျောင်းတွေနဲ့အများပြည်သူ စုဝေးတဲ့နေရာတွေကိုဦးတည်ပြီး လေကြောင်း တိုက်ခိုက်မှုတွေလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ အဲ့ဒီနေရာတွေကနေ ကြိုတင်တိမ်းရှောင်တာ၊ဗုံးခိုကျင်း တွေတူးထားတာတွေလုပ်ထားကြဖို့လည်း ကန် ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတိပေးထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ၁၀၂၇ စစ်ဆင်ရေးမပေါ်ပေါက်ခင်အထိ နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ် နှစ်ထောင်ကျော်ပြုလုပ်ခဲ့ကာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာတော့ အကြိမ် ၃၈၀၀လောက်အထိ လုပ်ခဲ့တာကြောင့် နှစ်ဆနီးပါးမြင့်တက်လာတာဖြစ်တယ်လို့ ISP Myanmar ရဲ့ လေ့လာ စောင့်ကြည့်မှုအချက်အလက်တွေအရသိရပါတယ်။
နောက်ထပ် လေ့လာစောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ Progressive Voice Myanmar ရဲ့အချက်အလက်တွေ မှာ တော့ အခုနှစ် ပထမလေးလတာကာလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၅၀ ကျော်သေဆုံးကာ ၇၅၀ကျော်ဒဏ်ရာရခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။