Photo-AA Info Desk (ပုံစံ-AAတပ်ဖွဲ့ဝင်တွေကိုစခန်းသိမ်းတိုက်ပွဲတခုမှာတွေ့ရစဥ်(ပုံဟောင်း)
ဩဂုတ်၊ ၁၄
ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲရှိ စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီး လက်ကျန်ထွက်ပြေးနေသူတွေကို ရှင်းလင်းနေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ကျိန္တလီမြို့အနီး၀န်းကျင်ရှိ ချင်းကွင်း၊ သဖန်းကွင်းရွာစခန်းတို့နဲ့ ကျိန္တလီမြို့ပေါ်ရဲစခန်း၊ စစ်စခန်းတို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး တပတ်နီးပါးအတွင်း သိမ်းပိုက်လိုက်နိုင်တာပါ။
“စစ်ကောင်စီဘက်က အကျအဆုံးများတယ်၊ ကျန်တဲ့ကောင်တွေလည်း ပြေးသွားကြပြီ၊ အခုတော့ လက်ကျန်ရှင်းနေတယ်”လို့ နီးစပ်တဲ့ ဒေသခံသတင်းရင်း မြစ်တဦးက DNA ကို ပြောပါတယ်။
ကျိန္တလီမြို့ပေါ်မှာ အထိုင်ချနေခဲ့ကြတဲ့ လက်ကျန်စစ်ကောင်စီတပ်သားတွေဟာ မနေ့က ဩဂုတ်လ ၁၃ ရက်နေ့မှာ ကျိန္တလီမြို့နဲ့ ငါးမိုင်ဝန်းကျင်အကွာရှိ ရတနာမြိုင်ရွာသို့ တပ်ဆုတ်ပြေးသွားကြတာလို့ ကျိန္တလီမြို့ခံတဦးက ပြောပါတယ်။
“မနေ့က ပြေးတာမှာ အကုန်လုံးတော့ မပါသွားဘူး၊ ဟိုဖက်ဒီဖက် ပတ်ပြေးနေတဲ့ကောင်တချို့ ကျန်ခဲ့တာနေမယ်၊ ပစ်သံတချို့တော့ ကြားနေသေးတယ်”လို့ အဆိုပါမြို့ခံက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကျိန္တလီမြို့ပေါ် ရဲစခန်း၊ မြို့လယ်လမ်းဆုံတချို့နဲ့ မြို့အ၀င်အထွက်တွေမှာ စခန်း ချနေခဲ့ကြတာဖြစ်ပြီး ချင်းကွင်းနဲ့ သဖန်းကွင်းရွာစခန်းတို့မှ စစ်ကောင်စီတပ်သားအချို့လည်း ကျိန္တလီမြို့ထဲ တပ်ဆုတ်လာစုနေခဲ့ကြပါတယ်။
ကျိန္တလီမြို့ပေါ်တပ်စခန်းအားလုံးကို AA က သိမ်းပိုက်လိုက်ပြီဆိုတာနဲ့ပက်သက်လို့ DNA က သီးသန့်အတည်မပြုနိုင်သေးသလို AA ကလည်း တရား၀င်ထုတ်ပြန်တာ မရှိသေးပါဘူး။
နယ်မြေရဲစခန်း၊ ဆေးရုံတို့ရှိတဲ့ ကျိန္တလီမြို့ဟာ မြေပုံမှာ မျဉ်းဖြောင့်တိုင်းရင် သံတွဲမြို့နဲ့ မိုင် ၃၀ ကျော်၊ ဂွမြို့နဲ့ မိုင် ၃၀ ဝန်းကျင်အကွာမှာ တည်ရှိပါတယ်။
ရခိုင်ပြည်တောင်ပိုင်း ခရိုင်မြို့ သံတွဲမြို့နယ်အတွင်း တခုတည်းသော လက်ကျန် ရေတပ်စခန်းကို တိုက်ခိုက်နေတဲ့ AA ဟာ နယ်မြေချင်းထိစပ်နေတဲ့ ဂွနဲ့ တောင်ကုတ်မြို့နယ်တို့မှာပါ ထိုးစစ်တပြိုင်တည်း လုပ်နေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်သွားမယ်လို့ ကြွေးကြော်ထားတဲ့ AA ဟာ ရခိုင်မြို့နယ် ၉ ခုကို သိမ်း ပိုက်ထားပြီး သံတွဲနဲ့ မောင်တောမြို့နယ်တို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ လက်ကျန်စခန်းတခုစီသာ ကျန်တော့တာဖြစ်ပါတယ်။