တိုက်လေယာဉ်တွေ အပါအဝင် အစ္စရေးဆီ စစ်လက်နက် အများအပြား ရောင်းချဖို့ အမေရိကန် အစိုးရ ခွင့်ပြု

ဩဂုတ်၊ ၁၄

လူသားချင်း စာနာမှု ရှုထောင့်ကနေ အငြင်းပွားစရာ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း အမေရိကန်ဟာ အစ္စရေးဆီ နောက်ထပ် စစ်လက်နက်တွေ ပမာဏ အများအပြား ရောင်းချပေးဖို့ မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံဖိုး စစ်လက်နက်တွေ အစ္စရေးဆီ တင်ပို့ရောင်းချပေးဖို့ အတည်ပြု ဆုံးဖြတ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အဲဒီ စစ်လက်နက်တွေထဲမှာ လေကြောင်း စီးချင်းထိုး တိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ ခေတ်မီ တာလတ်ပစ် ဒုံးကျည်တွေ၊ F-15 တိုက်လေယာဉ်အသစ် အစီး ၅၀၊ တင့်ကားတွေမှာ တပ်ဆင်ပစ်ခတ်နိုင်တဲ့ ၁၂၀ မမ အမြောက်ဆန်တွေ၊ ပေါက်ကွဲအား ပြင်းထန်တဲ့ မော်တာကျည်တွေ၊ စစ်သုံးယာဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

ဂါဇာ စစ်ပွဲကို အကြောင်းပြုပြီး အရှေ့အလယ်ပိုင်း ဒေသမှာ ပိုမိုကျယ်ပြန့်တဲ့ စစ်ရေး ပဋိပက္ခကြီးတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြတဲ့ လက်ရှိ အခြေအနေမျိုးမှာ အမေရိကန်က အစ္စရေးအတွက် စစ်လက်နက်တွေ ပိုမို ဖြည့်တင်းပေးဖို့ သဘောတူလိုက်ခြင်းပါ။

အစ္စရေးဟာ ဂါဇာအပြင် အနောက်ဖက် ကမ်းခြေဒေသလိုမျိုး အစ္စရေး နယ်မြေတွေမှာ ပါလက်စတိုင်းတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်နေပေမယ့် အမေရိကန်ကတော့ ခိုင်မာတိကျတဲ့ သက်သေပြမှုမျိုး မရှိသ၍ အစ္စရေးဆီ စစ်ရေး အကူအညီ ပေးမှုတွေ ရပ်တန့်နေမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

နောက်ပြီး ဂါဇာမှာ စစ်ပွဲ ဖြစ်ပွားချိန် ကတည်းက အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း ၄၀၀၀၀ နီးပါးလောက် သေဆုံးခဲ့ပြီး အရပ်သား သေဆုံးမှုတွေရဲ့ အဓိက အကျဆုံး အကြောင်းရင်း တစ်ခုကတော့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။ အခုတော့ အမေရိကန်ဟာ လေကြောင်း တိုက်ခိုက်မှုတွေမှာ အထူးအသုံးဝင်တဲ့ F-15 တိုက်လေယာဉ်တွေကို အစ္စရေးဆီ ဖြည့်တင်း ပို့ဆောင်ဦးမှာပါ။ ဒေါ်လာ ၂၀ ဘီလီယံဖိုး စစ်လက်နက် ဝယ်ယူမှု သဘောတူညီချက်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်းက အဲဒီလေယာဉ်တွေ ဝယ်ယူမှု ဖြစ်ပါတယ်။

ဒီအတောအတွင်း အီရန် အစိုးရဟာ အစ္စရေးကို စစ်ရေးအရ ရန်လို တုံ့ပြန်တာမျိုး မလုပ်သင့်ကြောင်း အနောက်နိုင်ငံတွေရဲ့ ဝိုင်းဝန်း ဖျောင့်ဖျမှုကို အတိအလင်း ပယ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေသတွင်းက အီရန်မဟာမိတ် အင်အားစု ခေါင်းဆောင်တွေ သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး အီရန်က အစ္စရေးကို တပ်အပ် စွပ်စွဲခဲ့သလို ထိထိရောက်ရောက် လက်စားချေသွားမယ်လို့ ကြုံးဝါးထားပါတယ်။

အီရန်ရဲ့ အသစ်စက်စက် ဝန်ကြီးချုပ် မာဆွတ် ပီဇက်ရှ်ကီယန်ဟာ ပြုပြင်ပြောင်းလဲရေး ဝါဒီတဦးအဖြစ် လူသိများပေမယ့် အစ္စရေးနဲ့ ကိစ္စမှာတော့ နိုင်ငံအဓိပတိ အယာတိုလာ အလီ ခါမေနီရဲ့ အမိန့်ကိုပဲ နာခံမယ်လို့ အတည်ပြုထားပါတယ်။ ခါမေနီက အစ္စရေးဟာ လုပ်ထားခဲ့တဲ့ ကိစ္စတိုင်းအတွက် ပြင်းပြင်းထန်ထန် ပြစ်ဒဏ် စီရင်ခံရစေမယ်လို့ အတိအလင်း ထုတ်ပြောထားပြီး ဖြစ်ပါတယ်။

Ref: Al Jazeera