ဟာဆီနာကို မကောင်းဆိုးရွားအဖြစ် ဘင်္ဂလားဒေ့ရှ် ကြားကာလ အစိုးရ အကြီးအကဲ သုံးနှုန်း

ဩဂုတ်၊ ၁၃

နိုင်ငံကို စွန့်ခွာ ထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို မကောင်းဆိုးရွားလို့ လက်ရှိ ယာယီ အစိုးရ အကြီးအကဲ မိုဟာမက် ယူနွတ်စ်က ဝေဖန် သုံးနှုန်းသွားခဲ့ပါတယ်။

ယာယီ အစိုးရ အဖွဲ့ရဲ့ အကြံပေး အရာရှိချုပ်အဖြစ် တာဝန်ယူထားသူ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဘဏ်လုပ်ငန်းရှင် သူဌေးကြီးက သူဟာ ဆန္ဒပြ တက္ကသိုလ် ကျောင်းသားတွေ လိုလားတဲ့ ဒီမိုကရေစီ ပြည့်ဝတဲ့ အနာဂတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ထူထောင်ရေးအတွက် ထိထိရောက်ရောက် အကူအညီ ပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ အစိုးရ တရပ်ကို ဖြိုချပြခဲ့တယ်ဆိုတာ သံသယရှိဖို့ မလိုကြောင်းလည်း ယူနွတ်စ်က ပြောပါတယ်။

ယူနွတ်စ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရ အဖွဲ့ဝင် ၁၆ ဦးထဲမှာ ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ နာဟစ်ဒ် အစ္စလာမ်နဲ့ အာဆစ်ဖ် မူဟာမွတ်တို့လည်း ပါဝင်နေပါတယ်။ အသက် ၈၄ နှစ်အရွယ် ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ် ဆင်းရဲသားတွေရဲ့ ဘဝအခြေအနေကို ကူညီမြှင့်တင်ပေးဖို့ ရည်ရွယ်ထားတဲ့ အသေးစား ချေးငွေလုပ်ငန်းကို အောင်အောင်မြင်မြင် ထူထောင်ပြခဲ့တာကြောင့် ၂၀၀၆ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့တာပါ။

နောက်ဆုံးမှာတော့ မကောင်းဆိုးရွားက ထွက်ခွာသွားရတဲ့ ကာလတခုကို အမှန်တကယ် ရောက်လာကြောင်း ထွက်ပြေးသွားတဲ့ ဟာဆီနာကို ရည်ညွှန်းပြီး ယူနွတ်စ်က ဆိုပါတယ်။ ယူနွတ်စ်ဟာ ဟာဆီနာရဲ့ အစိုးရ သက်တမ်းတလျှောက် အာဏာရှင်ဆန်တဲ့ ကြီးစိုးမှုတွေနဲ့ ပတ်သက်လို့ ဆန့်ကျင် ဝေဖန်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြားကာလ အစိုးရဟာ ဝန်ကြီးချုပ်သစ် တဦးကို တင်မြှောက်နိုင်ဖို့အတွက် ရွေးကောက်ပွဲ ဦးဆောင် ကျင်းပပေးမလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ အဲဒီ အခြေအနေမျိုး ဖြစ်လာရင် ဟာဆီနာဟာ လတ်တလော အိန္ဒိယ နိုင်ငံမှာ တိမ်းရှောင်နေရာကနေ ပြန်ရောက်လာပြီး ပါဝင်ယှဉ်ပြိုင်ဖွယ် ရှိနေပါတယ်။

ယူနွတ်စ် ဦးဆောင်တဲ့ ကြားကာလ အစိုးရ အတွက်တော့ ကိုင်တွယ် ဖြေရှင်းရမယ့် ပြဿနာတွေ တော်တော်များများ ရှိနေပြီး လတ်တလောမှာ နိုင်ငံအနှံ့ လူနည်းစု ဟိန္ဒူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ မြင့်တက်လာတာကိုလည်း ကြုံတွေ့နေရပါတယ်။ ဘင်္ဂလားဒေ့ရှ် ဟိန္ဒူ အသိုက်အဝန်းဟာ ဟာဆီနာကို အားပေး ထောက်ခံသူတွေအဖြစ် လူသိများပြီး ဟာဆီနာအပေါ် မကျေနပ်သူတွေက အခုအချိန်မှာ အခွင့်ကောင်းယူ ရန်လိုလာကြတာလည်း ဖြစ်ပါတယ်။

Ref: NDTV