သြဂုတ်၁၀
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီ လေကြောင်းကဗုံးကြဲလို့ အရပ်သား၆ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၇ဦးလောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
ဒီကနေ သြဂုတ်လ၁၀ရက် နေ့လည်၁၂နာရီကျော်လောက်မှာ မြောက်ဦးဟိုတယ်အနီးမှာ ဗုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တဦးကDNAကိုပြောပါတယ်။
“သေတာကခြောက်ယောက် ကလေးတယောက်လည်းပါပါတယ်၊ထိခိုက်တာတော့အသေအချာမသိရသေးပါ၊ ခုနှစ်ယောက်လို့တော့ကြားတယ် တုပ်တုပ်(သုံးဘီး)တစီးလည်းအကုန်ပျက်ဆီးသွားပါတယ်” လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမြောက်ဦးမြို့ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းပိုင်းမှာ AA က သိမ်းပိုက်ထိန်းချုပ်ထားတာပါ။ စစ်ကောင်စီဖက်ကတော့ မြောက်ဦးအပါအဝင်လက်လွတ်ဆုံးရှုံးထားတဲ့မြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့တိုက်ပွဲဖြစ်ပွားရာဒေသ မဟုတ်တဲ့နေရာတွေနဲ့အရပ်သားတွေကို လေကြောင်းက တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေကို တားဆီးပေးရန်အတွက်လည်း AAအပါအဝင်ညီနောင်မဟာမိတ်သုံးဖွဲ့က တရုတ်နိုင်ငံကို တောင်းဆိုထားပါတယ်။
ရခိုင်ဒသေတိုက်ပွဲတွေ စခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ရက် ကနေ အခုနှစ် မေလ ၁၃ ရက်အထိ ခြောက်လတာအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးရသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ဦး ရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံ လူ သားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO) ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။