Photo – Google
ဩဂုတ်၊ ၈
မောင်တောမြို့ထဲကနေ ထွက်ပြေးလာတဲ့ရိုဟင်ဂျာ(မူရင်းမူဆလင်)တွေ အများအပြားသေဆုံးခဲ့ရတဲ့အပေါ် စိတ်မကောင်းဖြစ်ရပြီး ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ နိုင် ငံရေးအဖွဲ့အစည်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က မနေ့ညမှာ ထုတ်ပြန်ပါတယ်။
မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မောင်တောမြို့ထဲက ရိုဟင်ဂျာတွေဟာ နတ်မြစ်ကိုကူးကာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံထွက်ပြေးဖို့ ကြိုးစားစဉ်မှာ လက်နက်ကြီး၊ ဒရုန်းဗုန်းတွေ ကျရောက်ပေါက်ကွဲလို့ လူနှစ်ရာကျော် သေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ပြည်ပရောက်ရိုဟင်ဂျာအရေးတက်ကြွသူတွေက အွန်လိုင်းပေါ် ရေးသားနေကြချိန် အဲဒီလို ထုတ်ပြန်လာတာပါ။
အဲဒီ အစုလိုက်သေဆုံးမှုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးကြရတာလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြောဆိုနေကြတာဖြစ်ပါတယ်။
AA ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီဖြစ် စဉ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ဖြစ်ပွားခဲ့တာ မဟုတ်ဘူးလို့ဖော်ပြထားပါတယ်။
အဲ့ဒီလိုအစုလိုက်သေဆုံးမှုဟာ လက်နက်ငယ်ပစ်ခတ်ခံရတာ၊လက်နက်ကြီးပစ်ခတ်ခံရတာ၊ဗုံးထိတာ၊ရေနစ်တာ၊လေကြောင်းတိုက်ခိုက်မှု ဒါမှမဟုတ်ကြီးမားတဲ့ပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်းဆိုရှယ်မီဒီယာတွေကနေသိရတာလို့ AA ကဆိုပါတယ်။
သေဆုံးမှုဖြစ်စဉ် အသေးစိတ်ကို စုံစမ်းနေကာ ဖြစ်ရပ်မှန် သိရရင် အမြန်ဆုံးထုတ်ပြန်ပေးသွားမယ်လို့လည်းဖော်ပြပါတယ်။
DNA က ဆက်သွယ်မေးမြန်းခွင့်ရခဲ့တဲ့ မောင်တောဒေသခံ ရိုဟင်ဂျာနှစ်ဦးနဲ့ ဒေသခံရခိုင်တချို့က တော့ ရိုဟင်ဂျာအများအပြား သေဆုံးစေခဲ့တဲ့ လက် နက်ကြီးဟာ ရိုဟင်ဂျာတွေအပါအ၀င် အရပ်သားတွေကို မြို့ပြင်ထွက်ခွင့်မပေးဘဲ ပိတ်လှောင်၊ ဖမ်းဆီးကာ စစ်မှု ထမ်းခိုင်းစေနေတဲ့ စစ်ကောင်စီတပ်ကပစ်ခတ်တာလို့ ပြောကြပါတယ်။
“စကစက မြို့ပြင်ထွက်ခွင့် လုံး၀မပေးဘူး၊ ရိုဟင်ဂျာတွေအတွက် တော်တော် စိုးရိမ်ဖို့ကောင်းပါတယ်၊ ထွက်ပြေးရင်လည်း ပစ်သတ်တယ်၊ အဲလိုပစ်သတ်လိုက်တာ”လို့ ဘင်္ဂလားဒေ့ရှ်ရောက် မောင်တောဒေသခံ ရိုဟင်ဂျာတဦးက DNA ကို ပြောပါတယ်။
ဒါပေမယ့် အဲဒီသေဆုံးမှုဖြစ်စဉ်ဟာ ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ DNA အနေနဲ့ သီးသန့်အတည်မပြုနိုင်သေးပါဘူး။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဟာ အခြေခံစစ်သင်တန်းကတည်းက ၎င်းတို့အဖွဲ့၀င်တွေကို စစ်ပွဲအတွင်း လိုက်နာရမယ့် စစ်စည်းကမ်း၊ စစ်သည်တော်ကျင့်၀တ်၊ လူ့အခွင့်အရေးဥပဒေ၊ နိုင်ငံ တကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေကို ရှင်းလင်းပြတ် သားစွာ ညွှန်ကြားထားတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
အကြမ်းဖက်မှုကို အားမပေးတဲ့အပြင် ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို ရှုတ်ချကာ အာရက္ခဒေသတွင်း ဘယ်အကြမ်းဖက်သမားကိုမျှ ခြေချခွင့်ပေးမှာ မဟုတ်ဘဲ အကြမ်းဖက်အဖွဲ့တိုင်းကို ချေမှုန်းသွားမယ်လို့လည်း AA က ဆိုပါတယ်။
လက်ရှိမှာ မောင်တောမြို့တွင်း တိုက်ပွဲကြားထဲ ပိတ်မိနေသူ ထောင်ချီရှိနေသေးပြီး အများစုဟာ ရိုဟင်ဂျာတွေ ဖြစ်ကြတယ်လို့ မောင်တောမြို့ခံစစ်ရှောင်တွေက ပြောကြပါတယ်။
မောင်တောမြို့တွင်းမှ အရပ်သားပြည်သူတွေအနေနဲ့ မြို့ပြင်ထွက်တဲ့အခါမှာ အန္တရယ်ရှိတဲ့ နေရာတွေဆီ စွန့်စားထွက်ခွာခြင်းထက် AA ထိန်းချုပ်နေရာတွေဆီသာ ထွက်ခွာကြဖို့၊ ထွက်ခွာဖို့ အခွင့်မသာဘဲ မြို့ထဲ ပိတ်မိနေပြီဖြစ်တဲ့သူတွေအနေနဲ့လည်း ကျည်လွတ်မြေတွေကို အကာအကွယ်ယူ နေထိုင်ကြဖို့၊အလံဖြူအမှတ်အသား ပြုလုပ်ထားကြဖို့ တိုက်ပွဲနဲ့ ဝေးရာနေရာကို အတတ်နိုင်ဆုံး ရွေးချယ်ကြဖို့လည်း AA က ထုတ်ပြန်သတိပေးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီခံစစ်ပြင်ထားတဲ့ နေရာတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ရှိရာနေရာတွေမှာ ပူးတွဲ မနေကြဖို့၊ စစ်ကောင်စီတပ်နဲ့ ARSA၊ RSO၊ ARA စတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ လူသားဒိုင်းကာအဖြစ် အသုံးချခြင်း မခံရစေဖို့ အတတ်နိုင်ဆုံး ၎င်းတို့နဲ့ ဝေးရာမှာ နေကြဖို့လည်း တိုက်တွန်းထားပါတယ်။
AA ဟာ မောင်တောမြို့သိမ်းတိုက်ပွဲ မစခင် ဇွန်လ ၁၆ ရက်နေ့ကတည်းက မြို့တွင်းနေပြည်သူတွေကို မြို့ပြင်ထွက်ခွာကြဖို့ သတိပေးခဲ့ပြီး လက်ရှိမှာတော့ မြို့တွင်းရှိ နောက်ဆုံးလက်ကျန်စစ်ကောင်စီတပ်တွေကို ဝိုင်းရံပိတ်ဆို့ကာ တိုက်ခိုက်နေတာဖြစ်ပါတယ်။
မောင်တောမြို့တွင်းမှာ စစ်ကောင်စီတပ်အပြင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ၊ စစ်ကောင်စီက သင်တန်းပေး၊ လက်နက်တပ်ဆင်ထားတဲ့ ရိုဟင်ဂျာတွေပါ ရှိနေပြီး အဲဒီအဖွဲ့တွေဟာ မြို့ခံ ရိုဟင်ဂျာလူငယ်တွေအပါအ၀င် အရပ်သားတွေကို မြို့ပြင်ထွက်ခွင့် ပိတ်၊ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းတာတွေ ရှိနေတယ်လို့ မောင်တောမြို့ခံတွေက DNA ကို ပြောထားကြပါတယ်။
ဒေသခံအရပ်သား ရိုဟင်ဂျာတွေကို မြို့ပြင် ထွက်ခွင့်မပေး၊ တားမြစ်ကာ ပိတ်လှောင်ထားတဲ့ထဲ စစ်ကောင်စီတပ်အပြင် ARSA၊ RSO၊ ARA စတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေလည်း ပါ၀င်ပြီး အဲဒီအဖွဲ့တွေကိုယ်တိုင်လည်း တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှ ရိုဟင်ဂျာတွေကို စစ်မှုထမ်းစေခိုင်းဖို့ အတင်းအကြပ်ဖမ်းခေါ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောသလို Fortify Right အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့နယ်စပ်တလျောက်နဲ့ မောင်တောမြို့နယ်တခုလုံးနီးပါးကို သိမ်း ပိုက်ထားတဲ့ AA ဟာ မောင်တောမြို့နယ်အတွင်းရှိ နောက်ဆုံးလက်ကျန် မြို့စောင့်တပ်ကို တိုက်ခိုက်နေတဲ့အပြင် သံတွဲ၊ အမ်းမြို့နယ်တို့မှာလည်း ထိုးစစ်တွေ ဆက်တိုက်လုပ်နေပါတယ်။
ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ကိုးခုကို သိမ်းပိုက်ထားပြီး သံတွဲနဲ့ မောင်တောတို့ကိုပါ အပြီးသတ်သိမ်းနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ AA ဟာ ရခိုင်ပြည်နယ်တခုလုံးမှ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်၊ သိမ်းပိုက်သွားမယ်လို့ ကြေငြာထားပါတယ်။