Photo – CJ
ဩဂုတ်၊ ၇
မောင်တောမြို့တွင်းမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဟာ မြို့ထဲကျန်ရှိနေတဲ့ ရိုဟင်ဂျာလူငယ်တွေအပါအ၀င်အရပ်သားတွေကို မြို့ပြင်ထွက်ခွင့်မပေးဘဲ လက်နက်တပ်ဆင် စစ်တိုက်ခိုင်းနေတယ်လို့ စစ်ရေးနီးစပ်သူတွေနဲ့ ဒေသခံတွေကပြောပါတယ်။
အာရက္ခတပ်တော်(AA)ရဲ့ ပိတ်ဆို့တိုက် ခိုက်မှုကို ခံနေရပြီး မောင်တောမြို့နယ်တခုလုံး လက်လွှတ်ရဖို့ မြို့ပေါ်တပ်စခန်းတခုသာ ကျန်ရှိချိန် စစ်ကောင်စီတပ်ဟာ အဲဒီလို အရပ်သားတွေကို ဖမ်းဆီးဓါးစာခံလုပ်နေတာဖြစ်ပါတယ်။
“မြို့ပြင်ထွက်လို့မရတော့ဘူး၊ ထွက် ပြေးရင် စကစက လိုက်ပစ်တယ်၊ ထွက်ပေါက်လည်း ဘင်္ဂလားဖက်ကို တပေါက်ပဲ ရှိတာ၊ အဲဒါ ဒရုန်းနဲ့ကြဲလို့ သေကြကတည်းက ဘယ်သူမှ မပြေးရဲတော့ဘူး”လို့ ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ရောက်နေတဲ့ မောင်တောမြို့ခံ ရိုဟင်ဂျာတဦးက DNA ကို ပြောပါတယ်။
မောင်တောမြို့ထဲမှာ စစ်ကောင်စီတပ်အပြင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ၊ စစ်ကောင်စီက သင်တန်းပေး၊ လက်နက်တပ်ဆင်ထားတဲ့ ရိုဟင်ဂျာတွေလည်း ရှိနေပြီး အတူပူးပေါင်းကာ AA ကို ခုခံတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“စစ်မှုထမ်းဥပဒေနဲ့ လုပ်နေတာ၊ မူဆလင်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲပြီး သင်တန်းတောင်မပေးဘဲ စစ်တိုက်ခိုင်းတယ်၊ ပြေးရင် ပစ်သတ်တယ်၊ အဲလို အပစ်ခံရလို့ သေတာတောင် မနည်းဘူးကြားတယ်”လို့ မောင်တောဒေသခံ တဦးက ပြောပါတယ်။
မနေ့က ဩဂုတ်လ ၆ ရက်နေ့ ညနေမှာလည်း မောင်တောမြို့ထဲကနေ နတ်မြစ်ကိုဖြစ်ကာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးဖို့ ကြိုးစားတဲ့ မြို့ခံရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အများအပြား သေဆုံးခဲ့ရပြီး ဒဏ်ရာရသူအများအပြားလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအစုအလိုက်အပြုံလိုက် သေစေခဲ့တဲ့ ပစ်ခတ်မှုကို စစ်ကောင်စီတပ်က လုပ်တာလို့ မောင်တောမြို့ခံရိုဟင်ဂျာတွေအပါအဝင် ဒေသခံအချို့က DNA ကို ပြောကြပေမယ့် သီးသန့်အတည်ပြုလို့တော့ မရသေးပါဘူး။
“ဒီဖက်ကို ဒဏ်ရာတွေနဲ့ အသက်လုပြေးလာကြတဲ့သူတွေ ရာဂဏန်းရှိတယ်”လို့ ဘင်္ဂလားဒေ့်နိုင်ငံဘက်မှာစစ်ရှောင်နေတဲ့ မောင်တောဒေ သခံ ရိုဟင်ဂျာတဦးက ပြောပါတယ်။
ဒေသခံအရပ်သား ရိုဟင်ဂျာတွေကို မြို့ပြင် ထွက်ခွင့်မပေး၊ တားမြစ်ကာ ပိတ်လှောင်ထားတဲ့ထဲ ARSA၊ RSO၊ ARA စတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေလည်း ပါ၀င်ပြီး အဲဒီအဖွဲ့တွေကိုယ်တိုင်လည်း တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှ ရိုဟင်ဂျာတွေကို စစ်မှုထမ်းစေခိုင်းဖို့ အတင်းအကြပ်ဖမ်းခေါ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောသလို Fortify Right အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ မောင်တောမြို့တွင်း တိုက်ပွဲကြားထဲ ပိတ်မိနေသူ ထောင်ချီရှိနေသေးပြီး အများစုဟာ ရိုဟင်ဂျာတွေ ဖြစ်ကြတယ်လို့ မောင်တောမြို့ခံစစ်ရှောင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်၊ ရိုဟင်ဂျာလက်နက် ကိုင်အဖွဲ့တွေရှိနေတဲ့ မောင်တောမြို့ရဲ့ အပြင်ပတ်လည်မှာ AA က နေရာယူထားပြီး မြို့သိမ်းနိုင်ရေး ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးနီးစပ်သူတွေက ပြောပါတယ်။
ဒါပေမယ့် မြို့တွင်း အခြေအနေ ရှုတ်ထွေးနေတာ၊ အရပ်သားတွေ အများအပြား ကျန်နေသေးတာတို့ကြောင့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားတာ မရှိသေးဘူးလို့ စစ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲက နေ့တိုင်းနီးပါးတော့ ဖြစ်တယ်၊ ပြင်းပြင်းထန်ထန် မဟုတ်ဘူး၊ တပ်တော်ကလည်း လုပ်ရကိုင်ရ ကြပ်တာပေါ့” AA နဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ ဒီနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာလည်း RSO ၊ ARSA ၊ ARA အစရှိတဲ့ ရိုဟင်ဂျာ(မူဆလင်လို့သုံးနှုန်းထား)လက်နက်ကိုင်အဖွဲ့တွေ၊ စစ်ကောင်စီသင်တန်းဆင်းပြီး လက်နက်တပ်ဆင်ပေးထားတဲ့ မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက်သမား အုပ်စုငယ်အချို့ဟာ အရင်က စစ်ကောင်စီတပ်စခန်းအနီး လှုပ်ရှားခဲ့ရာကနေ အခုနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးတွဲနေထိုင်ကြတယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့တွေဟာ ဘူးသီးတောင်၊ မောင်တော ဒေသရှိ လူနည်းစုသော မျိုးနွယ်စုတွေအပြင် ဒေသခံပြည်သူလူထုတစ် ရပ်လုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လျက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒါဟာ စစ်ကောင်စီအနေနဲ့ ULA/AA နဲ့ အာရက္ခပြည်သူတစ်ရပ်လုံးတို့ကို လူ မျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ထောင် ချောက်တွေထဲ သက်ဆင်းသွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်နေတာလို့ ရှုမြင်သုံးသပ်ကြောင်းလည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ULA/AA အနေနဲ့ ရခိုင်ဒေသနေ ပြည်သူတစ်ရပ်လုံးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအဝဝကို အပြည့်အဝ ကာကွယ်ပေးနိုင်ဖို့အတွက် ဒေသခံပြည်သူလူထုတွေနဲ့ ပူးပေါင်းကာ ထိရောက်တဲ့ လုံခြုံရေးဆိုင်ရာကာကွယ်မှုမျိုး တုံ့ပြန်လုပ် ဆောင် သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မောင်တောဒေသအတွင်းရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းနေရာအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်ပြီး ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒတွေ ခေါင်းမထောင်လာနိုင်စေရေးအတွက်လည်း အကြမ်း ဖက်သမားတွေနဲ့ အကြမ်းဖက်အဖွဲ့တိုင်းကို ချေမှုန်းတိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်အနောက်ဖက်နယ်စပ်ဒေသတခုလုံးနီးပါးနဲ့ ရခိုင်မြို့နယ် ထက်၀က်နီးပါး လက်လွှတ်ထားရပြီးဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်တွင်း လူ မျိုးရေးပဋိပက္ခတွေ တကျော့ပြန်ဖြစ် လာအောင် ဖန်တီးတဲ့ လုပ်ရပ်တွေကို ရခိုင်ဒေသတိုက်ပွဲတွေ မစခင်ကတည်းက ဆက်တိုက်လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
ပုံစာ – ရခိုင်ပြည်နယ်ကစစ်သင်တန်းတခု