ထိုင်းအတိုက်အခံပါတီ MFPကို ဖျက်သိမ်းဖို့ အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်

ဩဂုတ် ၊ ၇

အများစု ကြိုတင် ထင်ကြေးပေးထားတဲ့အတိုင်း ထိုင်း အခြေခံ ဥပဒေ ခုံရုံးဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု အမြင့်ဆုံး ရခဲ့တဲ့ Move Forwardပါတီ (MFP)ကို ဖျက်သိမ်းဖို့ အမိန့်ချလိုက်ပါတယ်။

MFPဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေ အတောအတွင်းမှာ ထိုင်းရဲ့ နတ်နေကိုင်းအဖြစ် သတ်မှတ်ခံထားရတဲ့ တော်ဝင်မိသားစုကို ထိခိုက် ထိုးနှက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။ MFPက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် တော်ဝင်မိသားစုကို အလွန်အကျွံ အကာအကွယ်ပေးထားတဲ့ ဥပဒေကို ခေတ်နဲ့အမီ ပြင်ဆင်ဖို့ ကြိုးစားမယ်လို့ မဲဆွယ်ခဲ့ပါတယ်။

ဩဂုတ် ၇ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ တရားရုံး ဆုံးဖြတ်ချက်ဟာ ရွေးကောက်ပွဲမှာ လူထုထောက်ခံမဲ အများဆုံး ရခဲ့ပေမယ့် အစိုးရဖွဲ့ဖို့ မလုံလောက်တာကြောင့် အဓိက အတိုက်အခံ ပါတီအနေနဲ့သာ ရပ်တည်နေရတဲ့ MFPအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာပါတယ်။

MFPက ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးတဲ့ ဥပဒေကို ပြင်ဆင်ဖို့ အားထုတ်မှုဟာ အန္တရာယ်များပြီး ဖွဲ့စည်းပုံ ဥပဒေကို ချိုးဖောက်တဲ့ အဓိပ္ပါယ် ဖြစ်လာနိုင်တယ်လို့ အခြေခံ ဥပဒေ ခုံရုံးက ဇန်နဝါရီလမှာ သတိပေးခဲ့ဖူးပါတယ်။ မတ်လမှာတော့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က MFPဟာ အခြေခံ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ခိုင်လုံထင်ရှားတဲ့ အထောက်အထားတွေ ရှိနေတဲ့အတွက် ပါတီဖျက်သိမ်းရေး အမိန့်ချမှတ်ပေးဖို့ ခုံရုံးဆီ ဦးတိုက် လျှောက်ထားခဲ့ပါတယ်။

ခုခံလျှောက်လဲမှုတွေအတွင်း MFPက ခုံရုံးက ကြားဝင်စီရင် ဆုံးဖြတ်အောင်လို့ တိုက်တွန်းတောင်းဆိုတာမျိုး ရွေးကောက်ပွဲ ကော်မရှင်မှာ လုံးဝ အခွင့်အရေး မရှိဘူးဆိုပြီး တုံ့ပြန်ခဲ့ပါသေးတယ်။

အခုအခါမှာတော့ ခုံရုံးက MFPကို ပါတီဖျက်သိမ်းရမယ်လို့ အတည်ပြု ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ခုံရုံးရဲ့ တရားသူကြီးတွေဟာ ဘုရင်စနစ်ကို လိုလားပြီး ရှေးရိုးစွဲဆန်တဲ့ ကွန်ဆာဗေးတစ်တွေ ဖြစ်တာကြောင့် အခုလို ဆုံးဖြတ်ချက်မျိုး ချမှတ်မယ် ဆိုတာကို ထင်ကြေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့ပြီးသားပါ။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်ပြီး ပါတီဖက်က အယူခံ ဝင်ပိုင်ခွင့်လည်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်အတွင်း MFPရဲ့ မူလအစလို့ ဆိုရမယ့် Future Forwardပါတီ (FFP) အပါအဝင် နိုင်ငံရေး ပါတီတချို့ဟာ ဖျက်သိမ်းဖို့ ဖိအားပေး ခံခဲ့ရပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ ခုံရုံးက လွှတ်တော် အမတ်တွေ အပါအဝင် FFP အမှုဆောင် အရာရှိ ၁၆ ဦးကို နောက်ထပ် ၁၀ နှစ်တာအတွင်း နိုင်ငံရေးနဲ့ ပတ်သက်ခွင့် မရှိဖို့ သီးခြားပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

FFPကို ဆက်ခံတဲ့ MFPဟာ ၂၀၂၃ ခုနှစ်၊ မေလ ရွေးကောက်ပွဲမှာ အောက်လွှတ်တော် အမတ်နေရာ ၁၅၁ ခုထိ အရေအတွက် အများဆုံးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း အစိုးရဖွဲ့ဖို့ လုံလောက်တဲ့ မဟာမိတ် အင်အားစုမျိုးကို မစည်းရုံးနိုင်ခဲ့ပါဘူး။ နောက်တော့ MFPရဲ့ မဟာမိတ်ဟောင်း ဖျူထိုင်းပါတီ (PTP)ဟာ ပြိုင်ဘက် စစ်တပ်အားပေး ပါတီတွေ၊ ကွန်ဆာဗေးတစ်တွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့သွားတာကြောင့် FFPဟာ အတိုက်အခံ အဖြစ်နဲ့သာ ရပ်တည်နေခဲ့ရပါတယ်။

Ref: Nikkei Asian