နောက်ဆုံးချိန်ထိခုခံမယ်ဆိုပြီး ဝါဒဖြန့်ရာမှာ ဖော်ပြခဲ့တဲ့ရဲတပ်သား MDY-PDF ဆီသေနတ် သုံးလက်နဲ့ လက်နက်ချ

Photo – MDY-PDF

ဩဂုတ်၊ ၄

တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို နောက်ဆုံးအချိန်အထိ ခုခံသွားမယ်လို့ ကြွေးကြော်ထားသူ အ ဖြစ် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြခဲ့တဲ့ ရဲတပ်သားတဦးဟာ MDY-PDF ဆီ သေနတ်သုံး လက်နဲ့ လက်နက်ချခဲ့သူဖြစ်နေတယ်လို့သိရပါတယ်။

မန္တလေးတိုင်း စဉ့်ကူးမြို့ယ်က နွယ်ရုံရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF နဲ့ ပူးပေါင်း တိုက်ခိုက်နေတဲ့ကာလအတွင်း အဲ့ဒီရဲစခန်းက ရဲတပ်သား အောင်မိုးသူက နောက်ဆုံးအချိန်အထိ တိုက်ခိုက် သွား မယ့်အကြောင်း ဆက်သွယ်ပြောဆိုလာတယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာဖော်ပြခဲ့ကြပါတယ်။

ဒါပေမယ့် အဲ့ဒီအကြောင်းကို ကိုယ်တိုင်ပြောဆိုခဲ့တာမရှိဘူးလို့ တိုက်ပွဲကာလအတွင်း သေနတ်သုံးလက်ယူပြီး MDY-PDF ဆီ လက်နက်ချခဲ့တဲ့ နွယ်ရုံရဲခန်းက ရဲတပ်သား အောင်မိုးသူက တုံ့ပြန်ပြောဆိုပါတယ်။သူ့ရဲ့တုံ့ပြန် ပြောဆိုချက်တွေကို MDY-PDF က ရုပ်သံနဲ့တကွထုတ်ပြန်လာတာဖြစ်ပါတယ်။

“ကျွန်တော့်နာမည်ကြီးကိုသုံးပြီး လုပ်ထားတဲ့ကိစ္စက ကျွန်တော်မဟုတ်ဘူးဆိုတာ ဝန်ခံရဲပါတယ်၊ယောက်ျား တ ယောက်အနေနဲ့ဝန်ခံရဲပါတယ်။ဘာဖြစ်လို့လဲဆိုတာ့ အဲ့လိုမျိုးအဆက်အသွယ် ကျွန်တော့်မှာမရှိပါဘူး။ပြီးတော့ ကျွန်တော်လိုခပ်နိမ့်နိမ့်လူတယောက်ရဲ့စကားကိုသူတို့က သတင်းပုံစံမျိုးနဲ့ Public လည်းတင်မှာမဟုတ်ပါဘူး”လို့ MDY-PDF တာဝန်ရှိသူတွေနဲ့တွေ့ဆုံမှုအတွင်း ရဲတပ်သား အောင်မိုးသူကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ Viber ၊ တယ်လီဂရမ် စကားဝှက်တွေကိုတပ်ဖွဲ့ဆီ အသိ ပေး ထားရသလို facebook ၊ messenger နဲ့ ဖုန်းထဲက Gallery  တို့ကိုလည်း တပတ်တခါ စစ်ဆေးခံရတဲ့အပြင် Gallery ထဲက ဖျက်လိုက်တဲ့ဓာတ်ပုံတွေကိုပါ ဆော့ဝဲ သုံးပြီး စစ်ဆေးလေ့ရှိတယ်လို့ သူကဆိုပါတယ်။

“ကျွန်တော်တို့ ကုတ်တွေ သူတို့မှာရှိပါတယ်၊password တွေလည်းရှိပါတယ်၊ကုန်ကုန်ပြောရရင် ဖုန်းထဲက screen lock password တွေလည်းသူတို့မှာရှိပါတယ်”လို့ ရဲတပ်သားအောင်မိုးသူကပြောပါတယ်။

ဒါကြောင့် တပ်ဖွဲ့ဝင်တွေရဲ့ အင်တာနက်နဲ့ လူမှုကွန်ရက်သုံးစွဲမှုတွေကို စစ်ကောင်စီဘက်က အချိန်မရွေး ဝင်ရောက် ကြည့်ရှု သုံးစွဲနိုင်တဲ့အခြေအနေလို့လည်း ဆက်ပြောပါတယ်။

“တကယ်လို့ အဲ့လိုမျိုးသတင်းပေးမယ်၊လူမိုက်တယောက်အနေနဲ့ လုပ်မယ်ဆိုရင်တောင်မှ ကျွန်တော့်နာမည် ကျွန်တော်ထည့်မှာမဟုတ်ပါဘူး၊အလွန်ဆုံးထည့်လောက်မှ နွယ်ရုံစခန်းက တပ်ဖွဲ့ဝင်တဦးပေါ့”လို့ ရဲတပ်သား အောင်မိုးသူက ပြောပါတယ်။

ရဲတပ်သား အောင်မိုးသူဟာ နွယ်ရုံစခန်းကို ၂၀၂၁ခုနှစ်အတွင်း စတင်ရောက်ရှိခဲ့ကာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်း တော် လှန်ရေးတပ်တွေက အဲ့ဒီစခန်းကို ထိုးစစ်ဆင်လာချိန် စခန်းမှာရှိနေခဲ့ပြီး ဘန်ကာအမှတ်(၅)ကနေ စောင့်ကြိုတိုက် ခိုက်ဖို့ တာဝန်ပေးခံရတယ်လို့ ဆိုပါတယ်။

နွယ်ရုံစခန်းတိုက်ခိုက်ခံရချိန်မှာ တိုက်ပွဲကိုဦးစီးနေတဲ့ စစ်ကောင်စီတပ်က ဖုန်းတွေသိမ်းယူခဲ့ပေမယ့် နောက်ပိုင်း မှာ ပြန်ပေးတာကြောင့် ဖုန်းရချိန်မှာ ပစ်ခတ်မှုတွေမရှိတဲ့ဘက်ကနေ ထွက်ပြေးလာခဲ့ပြီး ကိုယ်တိုင် ကိုင်ဆောင် ထားတဲ့ သေနတ်တလက်အပြင် စခန်းထဲတနေရာမှာထောင်ထားတဲ့ သေနတ်နှစ်လက်ကိုပါ ယူလာခဲ့တာလို့ ရဲ တပ်သားအောင်မိုးသူကပြောပါတယ်။

အဲ့ဒီနောက် MDY-PDF တပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်မှုရကာ လက်နက်ချခဲ့ချိန်ကစလို့ လက်ရှိအထိ ကောင်းကောင်း မွန်မွန်နေရပြီး စစ်ကောင်စီလက်အောက်မှာ ဆက်ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း MDY-PDF ကိုယုံယုံ ကြည်ကြည်ချိတ်ဆက်ကာ ပြည်သူ့ဘက်ပူးပေါင်းကြဖို့သူကတိုက်တွန်းပါတယ်။

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုတွေက အပြင်းအထန်ထိုးစစ်ဆင်လာတဲ့ စစ်ကောင် စီတပ်စခန်း၊ရဲစစခန်းတွေမှာ တာဝန်ကျနေသူတွေက အလျှော့မပေးဘဲ ခုခံတိုက်ခိုက်မယ့်အကြောင်း အသိပေး ပြောဆိုမှုတွေရှိတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ မကြာမကြာ ဖော်ပြလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တော်လှန်ရေးတပ်တွေ သိမ်းယူခဲ့တဲ့ သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာရဲစခန်းက စခန်းမှူးဟာလည်း လက်နက်ချပြီးပူးပေါင်းဖို့ တော်လှန်ရေးတပ်တွေက ဖုန်းနဲ့ဆက်သွယ်ဖိတ်ခေါ်ချိန်မှာ ငြင်းဆို ခဲ့ပါတယ်။

အဲ့ဒီလို လက်နက်ချမဲ့အစား ဂုဏ်သိက္ခာရှိရှိတိုက်ခိုက်ရင်း အသေခံမယ်လို့ တုံ့ပြန်ခဲ့တဲ့ ချောင်းကြီးရဲစခန်းမှူးနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ ဖုန်းပြောထားတဲ့ အသံဖိုင်ဟာလည်း စစ်ကောင်စီတယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဝါဒဖြန့်မှုတခုဖြစ်ခဲ့ပါသေးတယ်။

ဒါပေမယ့် တော်လှန်ရေးတပ်တွေက လက်တွေ့ထိုးစစ်ဆင်တိုက်ခိုက်ပြီး စခန်းကိုသိမ်းပိုက်လိုက်ချိန်မှာတော့ ရဲစခန်းမှူးကို ရှာဖွေတွေ့ရှိခြင်းမရှိဘဲ ထွက်ပြေးသွားတယ်လို့ အဲ့ဒီတိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေကပြောကြပါတယ်။