ရိုးမအရှေ့ဖက်ဦးတည်လာတဲ့ AAထိုးစစ်

ဩဂုတ်၊ ၃

ရခိုင်ပြည်နယ်မြို့နယ်ထက်ဝက်ကျော်ကို သိမ်းပိုက်ထားတဲ့အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်က ရိုးမအရှေ့ခြမ်း ပြည်မဒေသတွေကို တံခါးခေါက်နေပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၁၇မြို့နယ်အနက် မြောက်ပိုင်းနဲ့အလယ်ပိုင်းက မြို့နယ်၉ခုကို သိမ်းပိုက်ထားတဲ့ AAဟာ အနောက်ဖက်အစွန်ဆုံးမောင်တောနဲ့ တောင်ပိုင်းဒေသသံတွဲမြို့နယ်မှာ လတ်တလောထိုးစစ်ဆင်နေပါတယ်။

တောင်ပိုင်းဒေသမှာတော့ စစ်ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေရဲ့ အကျိုးစီးပွားတွေ အများအပြားရှိနေတဲ့ ငလပီကမ်းခြေ ဟိုတယ်ဇုန်နဲ့ သံတွဲမြို့အပါအဝင် မြို့နယ်တခုလုံးနီးပါးကို လည်းAAကသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

ဒါ့အပြင် သံတွဲနဲ့ကပ်ရပ်မှာတည်ရှိတဲ့ တောင်ကုတ်မြို့နယ်နဲ့ ဂွမြို့နယ်တို့အတွင်းမှ စစ်ကောင်စီတပ် စခန်းအားလုံးကိုပါ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ AAကထပ်မံအသိပေးထားပါတယ်။

ရခိုင်ဒေသတခုလုံးကို သိမ်းပိုက်၊ ထိန်းချုပ်သွားမယ်လို့ မကြာခဏထုတ်ပြန်သတိပေးလေ့ရှိတဲ့ AA ဟာ သံတွဲမြို့ နယ်အတွင်း တခုတည်းသာကျန်တော့တဲ့ စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်စခန်း သဗြုချိုင်ရေတပ်ကို အပြီးသတ်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်နေချိန် ဩဂုတ်လ ၁ ရက်နေ့မှာ အဲဒီလိုထပ်မံကြေငြာလိုက်တာပါ။

အာရက္ခတပ်တော်(AA)အနေနဲ့ သံတွဲမြို့နယ်ကို အပြီးသိမ်းပြီးရင် တောင်ပိုင်းမြို့နယ်တွေ တခုပြီးတခု ဆက်တိုက် သိမ်းပိုက်ကာ ရခိုင်ရိုးမအရှေ့ဖက်ခြမ်း ဧရာ၀တီတိုင်း၊ မကွေးတိုင်းတို့အထိပါ ထိုးစစ်တွေ ဆက်လုပ် လာ နိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။

ရိုးမအနောက်ဖက်စစ်မျက်နှာ ပြီးသွားရင် အရှေ့ဖက်စစ်မျက်နှာကိုလည်း ထပ်ပြီး ထိုးဖောက်နိုင်တဲ့အနေအထားရှိ တယ်လို့ရခိုင်နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက သုံးသပ် ပြောဆို ပါတယ်။

နောက်ဆုံးလက်ကျန်စခန်းတခုသာကျန်တော့တဲ့သံတွဲတိုက်ပွဲအခြေအနေ

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းမှစကာ သံတွဲမြို့နယ်အတွင်း ထိုးစစ်တွေစတင်ပြီး တပ်စခန်းတွေတခုပြီး တခုသိမ်းပိုက် လာခဲ့တဲ့ AA ဟာ တိုက်ပွဲကာလသုံးလကျော်အတွင်းမှာ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းရှိတဲ့ သံတွဲမြို့နယ် မြောက်ပိုင်းတခုလုံး၊ သံတွဲမြို့ပေါ်၊ ငပလီကမ်းခြေတလျှောက်ရှိ အခြေစိုက်တပ်ရင်း နှစ်ခုလုံး၊ မဇင်(သံတွဲ)လေဆိပ် တို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး နောက်ဆုံးလက်ကျန် ရေတပ်စခန်းတခုသာ ကျန်တော့ပါ။

လက်ရှိမှာ အဲဒီရေတပ်စခန်းရဲ့ ကာကင်းအားလုံးကိုပါ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ရေတပ်ထဲသို့ ထိုးဖောက် တိုက်ခိုက်နေပြီလို့ စစ်ရေးနဲ့ နီးစပ်တဲ့ဒေသခံသတင်းရင်းမြစ်တွေက DNA ကို ပြောထားပါတယ်။

အထဲဝင်ချနေပြီ၊ ဟိုကောင်(စစ်ကောင်စီတပ်)တွေ တပ်ဆုပ်ပြေးဖို့တောင် အချင်းချင်းညှိနေကြပြီကြားတယ်လို့ စစ်ရေးနဲ့နီးစပ်တဲ့ သဗြုချိုင်ရေတပ်စခန်းအနီးနေထိုင်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အင်အားသုံးရာဝန်းကျင်ရှိနိုင်တဲ့ အဲဒီရေတပ်စခန်းမှာ သံတွဲအကျဉ်းထောင်မှ ပြောင်းရွေ့ယူ လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ နှစ်ကြီး(ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသူ)သမားတွေကို ဓါးစာခံလုပ်ထား ပြီး ရေတပ်အရာရှိတွေကတော့ ထွက်ပြေးသွားနှင့်ကြပြီလို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေက ကြား သိထားရတာတွေကို ပြန်ပြောပြပါတယ်။

ဘယ်လောက်မှ ကြာတော့မယ်မထင်ဘူး၊ ဒီကောင်တွေ အင်အားထပ်ဖြည့်ပြီး ရေတပ်ကို ကာကွယ်ဖို့လည်း မရဲ လောက်တော့ဘူး၊ လေကြောင်းနဲ့ပဲ ချနေတယ်လို့ အထက်ပါဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

AA ထိုးစစ်ကြောင့် လေဆိပ်တခု(သံတွဲလေဆိပ်)ကို လက်လွှတ်လိုက်ရပြီဖြစ်တဲ့ စစ်ကောင်စီဟာ အခုတိုက်ခိုက်ခံ နေရတဲ့ သဗြုချိုင်ရေတပ်စခန်းကိုပါ လက်လွှတ်လိုက်ရရင်တော့  ပထမဆုံးဆုံးရှုံးလက်လွှတ်ရတဲ့ ရေတပ်စခန်း ဖြစ်လာမှာပါ။

သံတွဲလေဆိပ်အပြင် စစ်တပ်ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေပိုင်ဆိုင်တဲ့ ဟိုတယ်အများစုရှိရာ ငပလီကမ်းခြေ နဲ့ ခရိုင်မြို့ကြီးသံတွဲမြို့တို့ကို လက်လွှတ်ထားရပြီး ရေတပ်စခန်းကိုပါ ထပ်မံလက်လွှတ်ရဖွယ်ရှိနေတဲ့စစ်ကောင်စီ အတွက် သံတွဲမြို့နယ်တခုလုံး AA ထိန်းချုပ်မှုအောက် ရောက်သွားခဲ့ရင် နိုင်ငံရေး၊ စစ်ရေး၊ ဂုဏ်သိက္ခာအရရော အကျိုးစီးပွားအရပါ နစ်နာမှုများစွာရှိနိုင်မယ်လို့လည်း လေ့လာသူတွေက ထောက်ပြကြပါတယ်။

ဂုဏ်သိက္ခာအားဖြင့်၊ အကျိုးစီးပွားအားဖြင့်၊ နိုင်ငံရေးအားဖြင့် နစ်နာတယ်၊ ဟိုတယ်တွေရဲ့ အများစုဟာ စစ်တပ် ခေါင်းဆောင်တွေနဲ့ စစ်တပ်နဲ့ ဆက်စပ်တဲ့ ခရိုနီတွေရဲ့ဟာဖြစ်တော့ သူတို့မှာ အများကြီး နစ်နာတယ်၊ သူတို့ရဲ့ ရင်းနှီးမြှပ်နှံမှုတွေအားလုံးဟာ ဆုံးရှုံးသွားနိုင်တဲ့အနေအထားရှိတာပေါ့ လို့ ဦးဖေသန်းက ထောက်ပြပါတယ်။

အခြားတဖက်မှာလည်း အဲဒီလိုစစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားအများအပြားရှိနေတဲ့ သံတွဲမြို့နယ်ကို သိမ်း ပိုက်ခြင်းအားဖြင့် AA အတွက် အကျိုးအမြတ်များစွာ ရလာမယ်လို့ ၎င်းက ဆိုပါတယ်။

အာရက္ခတပ်တော်ကတော့ အဲဒီအချက်တွေအားလုံးပေါ်မှာ အမြတ်ပါ့၊စစ်ရေးအားဖြင့်ရော၊ နိုင်ငံရေးအားဖြင့်ရော၊ စီးပွားရေးအားဖြင့်ရော၊ သူတို့ရဲ့ဒေသကို ထိန်းချုပ်နိုင်တဲ့အတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအားလုံးကို အမြတ်ရစေတယ်လို့ ပြောနိုင်ပါတယ်လို့ ဦးဖေသန်းက ပြောပါတယ်။

ဒါ့အပြင် ခရိုင်မြို့ကြီး သံတွဲမြို့နယ်ကို လက်လွှတ်လိုက်ရခြင်းဟာ စစ်ကောင်စီအတွက် ရခိုင်ပြည်တောင်ပိုင်းတခု လုံးကို လက်လွှတ်ရဖို့ လမ်းစဖြစ်နေတယ်လို့လည်း သူက သုံးသပ်ပါတယ်။

သံတွဲကတော့ ရခိုင်ပြည်ရဲ့ နောက်ဆုံးတောင်ပိုင်း ကျဆုံးခြင်းဖြစ်တယ်လို့ ဦးဖေသန်းက ဆိုပါတယ်။

ရခိုင်တောင်ပိုင်းဒေသမှာ သံတွဲ၊တောင်ကုတ်နဲ့ဂွမြို့နယ်တို့တည်ရှိပါတယ်။

ရိုးမအရှေ့ဖက်ခြမ်းအထိ AA ထိုးစစ် ရောက်လာနိုင်

အာရက္ခတပ်တော်(AA)ဟာ သံတွဲမြို့နယ်နဲ့ နယ်မြေချင်းတဆက်တည်းမှာရှိတဲ့ ဧရာ၀တီတိုင်း အစပ် ဂွမြို့နယ်၊ ပဲခူးတိုင်းအစပ် တောင်ကုတ်မြို့နယ်တို့ကိုပါ ဆက်လက်ထိုးစစ် သွားမယ်လို့ ထပ်မံသတိပေးထားသလို မကွေးတိုင်းအစပ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်းမြို့နယ်မှာလည်း ထိုးစစ်တွေ ပြုလုပ်နေပါ တယ်။

ရခိုင်တောင်ပိုင်းအစွန်ဆုံးဂွမြို့နဲ့ဧရာဝတီတိုင်းငသိုင်းချောင်းမြို့က ၅၃မိုင်နီးပါးကွာဝေးပါတယ်။ တောင်ကုတ်နဲ့ပဲခူးတိုင်းပြည်မြို့ကတော့၁၀၄ မိုင်လောက်ကွာဝေးတာပါ။ဒါ့အပြင် အမ်းနဲ့မကွေးတိုင်း မင်းဘူးမြို့ကတော့၁၀၃ မိုင်သာကွာဝေးတာလည်းဖြစ်ပါတယ်။

AA က ထိုးစစ်ဆက်တော့မယ်လို့ လောလောလတ်လတ်ပြောထားတဲ့ တောင်ကုတ်မြို့နယ်မှာတော့ စစ်ကောင်စီရဲ့ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၅)နဲ့ အဲဒီလက်အောက်ခံ ခမရ ၃၄၆၊ ခမရ ၅၄၄ တို့ အခြေစိုက်ပြီး ဂွမြို့နယ်မှာတော့ စကခ ၅ လက်အောက်ခံ ခမရ ၅၆၂ နဲ့ ခမရ ၅၆၃ တပ်ရင်းဌာနချုပ်တို့ အခြေစိုက်ထားပါတယ်။

အဲဒီမြို့နယ်တွေထဲက ဂွမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲမဖြစ်သေးပေမယ့်လည်း တောင်ကုတ်မြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ AA တို့ မကြာခဏ တိုက်ပွဲအချို့ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကုတ်မြို့နယ်အတွင်းက သံတွဲ – တောင်ကုတ်ကားလမ်းပိုင်းအများစု၊ အမ်း – တောင်ကုတ်လမ်းပိုင်းအများစုနဲ့ နယ်ကျေးရွာဒေသအများစုကိုလည်း AA က ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စတိုက်ရင်တော့ တောင်ကုတ်ရော၊ ဂွရော မကြာလောက်ပါဘူး၊ အကုန်လုံး ပိတ်ဆို့ထားပြီကိုး၊ စစ်ကောင်စီက ထွက်ပေါက်တွေလည်း တခုမှ မရှိတော့တာလေ”လို့ AA နဲ့ နီးစပ်တဲ့ တောင်ကုတ်ဒေသခံတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းနဲ့အစပ် ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နယ်မှာတော့ စစ်ကောင်စီတပ်က စစ်အင်အားဖြည့် ခံစစ်ပြင်တာ၊ ကားလမ်းတလျှောက် စစ်ဆေးရေးဂိတ်၊ စစ်စခန်းတွေတိုးဖွင့်တာ၊ လူနေရွာအနီးဝန်းကျင် တောင် တန်းတွေမှာ မိုင်းထောင်တာစတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူပဲ အာရက္ခတပ်တော်(AA)ဘက်လည်း စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ မဟာ မိတ်တပ်တွေနဲ့ ပူးပေါင်းကာ စစ်ရေးပြင်ဆင်မှုတွေရှိနေတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။

မကွေးတိုင်းနဲ့ ထိစပ်နေတဲ့ နပခတည်ရှိရာ အမ်းမြို့နယ်မှာတော့ AA က ထိုးစစ်တွေ စလုပ်နေပြီဖြစ်ပြီး တိုင်းစစ်ဌာနချုပ်အပါအ၀င် စစ်ကောင်စီတပ်တရင်း၊ တပ်စခန်းတွေကို ကုန်းကြောင်းကနေတဆင့် ရိက္ခာ၊ လက်နက်မဖြည့်တင်းနိုင်အောင် ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ AA နဲ့ ဒေသခံသတင်းရင်းမြစ်တွေ ဆိုပါတယ်။

AA ဟာ ပြည်မကနေ စစ်ကောင်စီတပ်တွေ လာနိုင်ရာလမ်းဖြစ်တဲ့ အမ်း – ပဒါန်းလမ်းပိုင်းရဲ့ ရိုးမပေါ် နေရာအများစု ကို ထိန်းချုပ်ထားပြီး အမ်းမြို့ရဲ့ ရိုးမတဖက်ခြမ်း မကွေးတိုင်း ငဖဲမြို့ဝန်းကျင်မှာလည်း ဒေသကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းလှုပ်ရှားမှုတွေရှိနေကာ စစ်ကောင်စီတပ်တွေနဲ့လည်း တိုက်ပွဲအချို့ ရှိခဲ့ဖူးပါတယ်။

AA အနေနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမှ အဲဒီမြို့နယ်တွေ သိမ်းပိုက်ပြီးရင်တော့ ၎င်းတို့ သိမ်းပိုက်ထားတဲ့နယ်မြေတွေကို စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်မှ ကာကွယ်နိုင်ဖို့ အပြင်စည်းအကာအကွယ်ရနိုင်အောင် ဆက်စပ်နေတဲ့ ဧရာ၀တီ၊ မကွေးဒေသတွေမှ စစ်ကောင်စီတပ်တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တယ်လို့စစ်ရေးလေ့လာသူတွေ က ခန့်မှန်းပါတယ်။

“အဲဒီနေရာတွေကို မဟာမိတ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ သိမ်းခြင်းအားဖြင့် ရခိုင်ပြည် ရဲ့နောက်ကြောလုံတာပေါ့၊ တကယ်လို့ အဲဒီနေရာမှာ ဒေသခံတော်လှန်ရေးအင်အားစုတွေနဲ့ နယ်မြေတခုကို မတည်ဆောက်ထားနိုင်၊ အမာခံနယ်မြေတခု၊ လွတ်မြောက်တဲ့ နယ်မြေတခုကို မတည်ဆောက်ထားနိုင်ဆိုရင်တော့ အာရက္ခတပ်တော်က အရှေ့ဖက်စစ်မျက်နှာအတွက် နောက်ကြောမလုံဖြစ်တာပေါ့”လို့ ဦးဖေသန်းက ဆိုပါတယ်။

ဒ့ါအပြင် ဒေသတွင်းတိုက်ပွဲတွေကို စောင့်ကြည့်နေတဲ့ ရခိုင်တောင်ပိုင်းဒေသခံတဦးကလည်း AA အနေနဲ့ မကွေး တိုင်း၊ ဧရာ၀တီတို့မှ ဒေသကာကွယ်ရေးတပ်တွေနဲ့ ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေးတွေ ရှိနေတာကြောင့် ရခိုင်ပြင်ပဆက်စပ်ဒေသတွေထိပါ ဆက်လက်ထိုးစစ်ဆင်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“နဂိုတည်းက တပ်တော်ကနေ အဲဖက်က PDF တွေကို သင်တန်းပေးတာတွေရှိတယ်၊ မဟာမိတ်တွေနဲ့အတူ စစ်ရေးလှုပ်ရှားတာတွေလည်း ရှိတော့ ဟိုဖက်ခြမ်းမှာလည်း တပ်တော်က ဆက်တိုက်လာအုံးမှာပဲ၊ အခုရခိုင်ပြည် ထဲက တိုက်ပွဲတွေမှာလည်း မဟာမိတ်တွေ ပါနေတာပဲလေ”လို့ ၎င်းက ဆိုပါတယ်။

AA က အဲဒီလို ရခိုင်ပြည်နယ်ပြင်ပ ရိုးမအရှေ့ဖက်ခြမ်းဒေသတွေကိုပါ ဆက်လက်ထိုးစစ်ဆင်ခြင်းဟာ စစ်အာဏာရှင် စနစ်ကျဆုံးရေးအတွက်ဖြစ်သလို အပြည့်အ၀သိမ်းပိုက်၊ ထိန်းချုပ်သွားမယ်လို့ ပြောထားတဲ့ ရခိုင်ပြည်နယ်အတွက်လည်း လုံခြုံရေးအ ပြင်စည်းတခု တည်ဆောက်ရာလည်း ရောက်တယ်လို့ ဦးဖေသန်းက ဆိုပါတယ်။

“ဗမာပြည်တော်လှန်ရေး အတွက်လည်း စစ်အာဏာရှင်စနစ် ကျဆုံးရေးဖြစ်တယ်၊ အာရက္ခပြည်အတွက်လည်း လုံခြုံရေး အပြင်စည်းတခုဖြစ်တယ်ပေါ့၊ အာရက္ခတပ်တော်က မဟာမိတ်တွေနဲ့ လက်တွဲပြီးတော့ ဆက်ပြီးတော့ စစ်အာဏာရှင်စနစ်ကျဆုံးအောင်ထိ တိုက်ပွဲ၀င်လာနိုင်တယ်”လို့ သူက သုံးသပ်ပါတယ်။