ဘင်္ဂလားဒေ့ရှ် အဓိကရုဏ်းတွေအတွင်း ကလေးသုံးဆယ်ကျော် သေဆုံးခဲ့တယ်လို့ ယူနီဆက်ဖ်ဆို

ဩဂုတ် ၊ ၃

ပြီးခဲ့တဲ့လက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်း အခြေအနေတွေအတွင်း အရွယ်မရောက်သေးတဲ့ ကလေး ၃၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများဆိုင်ရာ အေဂျင်စီဖြစ်တဲ့ ယူနီဆက်ဖ်က ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရ အလုပ်အကိုင် နေရာတွေအတွက် ခွဲတမ်း သတ်မှတ်ချက်ကို မကျေနပ်လို့ တက္ကသိုလ် ကျောင်းသားတွေက အစပြုခဲ့တဲ့ ဆန္ဒပြပွဲတွေကို အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် နှိမ်နင်းရာကနေ သွေးချောင်းစီး ဖြစ်ရပ်ဆိုးတွေဆီ ဦးတည်သွားပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ်တွေအတွင်း အသက် မပြည့်သေးတဲ့ ကလေး ၃၂ ဦးထိ သေဆုံးခဲ့ကြောင်း၊ အငယ်ဆုံး အရွယ်ဟာ ၅ နှစ်သားသာ ရှိသေးကြောင်း ယူနီဆက်ဖ်က ထုတ်ပြန်ခဲ့ပါတယ်။

နောက်ပြီး သေဆုံးတဲ့ ကလေးအများစုဟာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်မှု မရှိဘဲ ဘေးက ရပ်ကြည့်မိလို့၊ ဒါမှမဟုတ် ဘေးထွက် ထိခိုက်မှုတွေ ကြုံလို့ အသက်ဆုံးရှုံးခဲ့ကြတာလို့ ယူနီဆက်ဖ်က ဆိုပါတယ်။

အခုအခါမှာ ဆန္ဒပြမှုတွေ အရှိန်လျော့သွားပြီ ဖြစ်ပေမယ့်လည်း အစိုးရဟာ အဲဒီ ဖြစ်စဉ်တွေအတွင်း လူတွေ အမြောက်အမြား သေဆုံးစေခဲ့တဲ့ အကြမ်းပတမ်း တုံ့ပြန်မှုတွေအတွက် လူထုရဲ့ ဒေါသကို ကိုင်တွယ် ဖြေရှင်းဖို့ ရုန်းကန်နေရပါတယ်။

ယူနီဆက်ဖ်ရဲ့ အဆိုအရ သေဆုံးတဲ့ ကလေးအများစုဟာ အသက် ၁၃ နှစ်နဲ့ ၁၈ နှစ်ကြား အရွယ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဘာတွေ ဘယ်လို ဖြစ်နေနေ၊ ဘယ်လို အခြေအနေတွေ ကြုံနေနေ ကလေးတွေကိုတော့ အကာအကွယ် ပေးဖို့ လိုအပ်ကြောင်း၊ ဒါဟာ လူသားတိုင်းရဲ့ တာဝန်ဖြစ်ကြောင်း ယူနီဆက်ဖ် ပြောရေးဆိုခွင့်ရ အရာရှိ တဦးက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြန်ကြားရေးဝန်ကြီး မိုဟာမက် အလီ အာရာဖတ်ကတော့ ဆန္ဒပြပွဲတွေမှာ ကလေးတွေ သေဆုံးခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် အစိုးရက ဘာမှတ်တမ်း အချက်အလက်မှ မရသေးဘူးလို့ ပြောကြားထားပါတယ်။ ယူနီဆက်ဖ်ကရော အခုစာရင်းကို ဘယ်လိုဘယ်ပုံ စုစည်းထားတာလဲလို့ သူက မေးခွန်းထုတ်ခဲ့ပါသေးတယ်။

ပဋိပက္ခတွေအတွင်း ဆန္ဒပြသူ အများအပြား သေဆုံးခဲ့သလို တဖက်မှာလည်း လုံခြုံရေး တပ်ဖွဲ့ဝင် ရဲတချို့ သေဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ပြီး ဒီလို သွေးချောင်းစီး ဖြစ်ရပ်တွေ ပေါ်ပေါက်လာအောင် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက လှုံ့ဆော် သွေးထိုးပေးခဲ့တာလို့ စွပ်စွဲ ဝေဖန်ထားပါတယ်။

ကိုးကား: BBC