ဂန့်ဂေါ ပလဖဖမ်းသွားတဲ့ ဒေသခံတဦး နာရီပိုင်းအတွင်းသေဆုံးမှု အမှုမှန်ဖော်ထုတ်ဖို့တောင်းဆို

ဩဂုတ် ၊ ၁
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုသံသယနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)ကဖမ်းသွား တဲ့ ဒေသခံတဦးနာရီပိုင်းအတွင်း သေဆုံးသွားတာနဲ့ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ လိုလားကြောင်းဒေသ ခံတွေ နဲ့ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေက တောင်းဆိုနေကြပါတယ်။
 
“အပြစ်ရှိလို့ ထောင်သုံးလပဲချချ၊ခြောက်လပဲချချ၊အဲ့လိုမျိုးလုပ်လို့ရတယ်လေဗျာ၊ ဒဏ်ငွေဆိုလည်း ဒဏ်ငွေပေါ့ ပြစ်ဒဏ်ဆိုလည်း ပြစ်ဒဏ်ပေါ့၊အဲ့လိုချလို့ရတယ်လေ၊အခုလို​ရိုက်နှက်လို့မှမရတာ၊သူ့မိသားစုတွေကတော့ ဘယ် ခံနိုင်မှာတုန်း၊ဒေါသတွေထွက်၊စိတ်တိုကြတာပေါ့”လို့ ကျွန်းဒတ်ရွာခံတဦးက DNAကိုပြောပါတယ်။
 
ဂန့်ဂေါမြို့မြောက်ဘက် ဆယ်မိုင်ဝန်းကျင်အကွာလောက်မှာရှိတဲ့ ကျွန်းဒတ်ရွာဒေသခံ ဦးဆန်းလွင်ဆိုသူကို ပလဖ အဖွဲ့က ဇူလိုင် ၁၇ရက် မနက်၁၀နာရီမှာ ဖမ်းဆီးသွားတဲ့နောက် အဲ့ဒီနေ့ညနေသုံးနာရီမှာပဲ အလောင်းပြန်လာယူဖို့ မိသားစုကို အကြောင်းကြားခဲ့တာလို့သိရပါတယ်။
 
သေဆုံးသွားတဲ့ ဦးဆန်းလွင်ရုပ်အလောင်းမှာ ဒဏ်ရာဒဏ်ချက်တွေလည်းရှိနေတယ်လို့ ကျွန်းဒတ်ရွာဒေသခံတွေ ကပြောသလို ရုပ်အလောင်းဓာတ်ပုံမှာလည်း သိသာထင်ရှားတဲ့ ဒဏ်ရာဒဏ်ချက်တွေရှိနေတာတွေ့ရပါတယ်။
 
ဒါ့အပြင် အဲ့ဒီလိုသေဆုံးမှုနဲ့ပတ်သက်ပြီး ဆေးမှားလို့ သေဆုံးတယ်ဆိုကာ အငြင်းပွားဖွယ် ဆေးစစ်ချက်အဖြေ ထုတ်ပေးတာ၊ဦးဆန်းလွင်သေဆုံးမှုကို ကျေအေးပေးဖို့ မိသားစုကို ဖိအားပေး လက်မှတ်ထိုးစေခဲ့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဒေသအခြေစိုက် ယောဒေသပြည်သူ့ ကာကွယ်ရေးတပ် ဖွဲ့ YPDFနဲ့ ယောဒေသထောက်ပို့ အဖွဲ့ ငါးဖွဲ့က ကန့်ကွက်ကြောင်း ပူးတွဲထုတ်ပြန်ထားပြီး သေဆုံးသူရုပ်အလောင်းက ဒဏ်ရာဒဏ်ချက်တွေအရ ပလဖ အဖွဲ့အနေနဲ့ တာဝန်ထက်ကျော်လွန်လုပ်ဆောင်ခဲ့တဲ့အခြေအနေလို့ ဝေဖန်ထားပါတယ်။
 
အခုလို ဒေသခံတဦးကို ဖမ်းဆီးပြီးနောက် အသက်သေဆုံးတဲ့အထိ ရိုက်နှက်စစ်ဆေးခဲ့တဲ့အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချသလို ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုကျေအေးဖို့ ကြိုးစားနေတာကိုလည်း ကန့်ကွက်တယ်လို့ အဲ့ဒီ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
 
“ကျွန်တော်တို့အနေနဲ့ အမှုမှန်ပေါ်ပေါက်စေချင်တယ်၊နစ်နာသူနှင့် သူ့မိသားစုဂုဏ်သိက္ခာအတွက် တရားမျှတမှုရ စေချင်တယ်၊ဒါမျိုး တရားမဲ့ပြုကျင့်မှု ထပ်မဖြစ်စေချင်ဘူး”လို့ ယောဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ YPDF တာ ဝန်ရှိသူတဦးက DNAကိုပြောပါတယ်။
 
ဂန့်ဂေါမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖ အနေနဲ့ ဦးဆန်းလွင်ကို မဖမ်းဆီးမီ ဇူလိုင် ၁၆ရက်က ဂန့်ဂေါ မြောက် ပိုင်းတနေရာမှာ ဂိတ်ဖွင့်စစ်ဆေးရင်း အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦးဆီက မူးယစ်ဆေးတွေဖမ်းမိခဲ့ရာက သူ တို့ရဲ့ထွက်ဆိုချက်အရ ဦးဆန်းလွင်ကိုဆက်လက်ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေဆီကသိရပါတယ်။
 
ပလဖ အဖွဲ့က ဦးဆန်းလွင်ကို ဖမ်းဆီးဖို့အတွက် ဇူလိုင် ၁၆ရက်မှာ ကျွန်းဒတ်ရွာကို ရောက်လာခဲ့ပေမယ့် နေအိမ် မှာမရှိတာကြောင့် ဇနီးဖြစ်သူကိုဖမ်းဆီးသွားခဲ့သေးတယ်လို့လည်းသိရပါတယ်။
 
ဒါကြောင့် ကျွန်းဒတ်ရွာ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံက မဆိုင်သူကိုမဖမ်းဖို့နဲ့ ဦးဆန်းလွင်နေအိမ်ပြန် ရောက်လာ ချိန်မှာ စစ်ဆေးနိုင်ဖို့အတွက် ကျေးရွာပအဖ တာဝန်ခံကိုယ်တိုင် ဦးဆန်းလွင်ကို ပလဖ အဖွဲ့ဆီပို့ပေးခဲ့တာလို့ ကျွန်းဒတ်ရွာခံတွေကပြောပါတယ်။
 
“ပအဖတွေက အခုသေသွားတဲ့သူကိုခေါ်ပြီးမှ၊ပလဖကိုပြောတာဗျာ၊ ဒီလူကိုငါတို့ဖမ်းလာခဲ့ပြီပေါ့၊ ဒီလူကိုမင်း တို့ စစ်ဆေးစရာရှိရင်စစ်ဆေးပေါ့၊ ဒါပေမယ့် လက်နဲ့ခြေနဲ့မဖြစ်နဲ့နော်၊ မရိုက်မနှက်နဲ့လို့ပြောတယ်တဲ့၊ အဲ့ဒါကို ဟုတ်ကဲ့ ပါ၊မရိုက်နှက်ဘူးဗျာ၊လက်ဖျားနဲ့တောင်မထိဘူးဆိုပြီး ခေါ်သွားတာ”လို့ ကျွန်းဒတ်ရွာခံတဦးက ပြောပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်ရှိ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပလဖ အဖွဲ့တို့ကို DNA ကဆက်သွယ် မေးမြန်းနိုင်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။
အခုနှစ်ဆန်းပိုင်းအထိ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒုတာဝန်ခံလည်းဖြစ် ပကဖအဖွဲ့တာဝန်ခံ အဖြစ် လည်း ဆောင်ရွက်ခဲ့တဲ့ ဦးစိုးလွင်ကတော့ အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး အချက်အလက် တွေစုဆောင်းနေတယ်လို့ ပြောပါတယ်။
 
“ဒါကို လွှတ်ထားလိုက်ရင် တခြားအိမ်တံခါးလာခေါက်လာနိုင်တာကြောင့်ကျွန်တော်တို့က ဒါကို အဆုံးထိသွားဖို့ ကြိုးပမ်းနေပါတယ်”လို့သူကဆိုပါတယ်။
 
အာဏာသိမ်းပြီးနောက် ဂန့်ဂေါမြို့နယ်မှာ NLD အမတ် ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ဒေါ်ယဉ်မင်းလှိုင်နှုတ်ထွက်ခဲ့သလို မြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ကိုလည်း NUG ဗဟိုညွန်ကြားချက်နဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
 
မူလ ပအဖ အဖွဲ့မှာ ပါဝင်ခဲ့သူတွေက အဲ့ဒီလိုပြင်ဆင်ဖွဲ့စည်းတာကို လက်မခံတာလည်းရှိနေပြီး လက်ရှိ ဦးဆန်း လွင်သေဆုံးမှုကြောင့် အငြင်းပွားစရာတွေဖြစ်နေတဲ့ ပလဖ အဖွဲ့ကိုတော့ NUG ဗဟိုညွန်ကြားချက်အရ ပြင်ဆင် ဖွဲ့စည်းတဲ့ ဂန့်ဂေါပအဖ အဖွဲ့က ဖွဲ့စည်းပေးထားတာ လပိုင်းသာရှိသေးတယ်လို့သိရပါတယ်။