ဇူလိုင် ၊ ၃၀
မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွေမှာ ဆိုးဆိုးရွားရွား ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး ဒေသခံ ထောင်နဲ့ချီ အရေးပေါ် ပြောင်းရွှေ့ခဲ့ရသလို နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ရေဘေးသင့် ဧရိယာတွေဆီ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။
ဇူလိုင် ၂၉ ရက်နေ့မှာ KNCA သတင်းဌာန အပါအဝင် အစိုးရ မီဒီယာတွေက တရုတ်နဲ့ နယ်စပ်နားမှာရှိတဲ့ ဆီနူဂျီမြို့နဲ့ အနီးတဝိုက် ဧရိယာတွေမှာ ရေကြီးမှုတွေကြောင့် လူ ၅၀၀၀ လောက် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း ဖော်ပြခဲ့ကြပါတယ်။ ကင်ကတော့ အနက်ရောင် Lexus ကားကြီးပေါ် စီးနင်းလိုက်ပါရင်း ရေကြီးမှုဒဏ် အဆိုးဆုံး ခံစားနေရတဲ့ အူဂျီဆိုတဲ့ မြို့လေးမှာ အခြေအနေကို ကိုယ်တိုင် သွားရောက် စစ်ဆေးနေခဲ့တာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ အဆက်မပြတ် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ဆီနူဂျီတဝိုက်မှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အစိုးရိမ်ရဆုံး အရေးပေါ် အဆင့်မျိုးထိ ကြုံတွေ့နေတယ်လို့ KCNA သတင်းဌာနက ဖော်ပြသွားပါတယ်။ လူပေါင်း ၅၀၀၀ လောက်ကို ရဟတ်ယာဉ်တွေပါ အသုံးပြုပြီး အရေးပေါ် ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပေမယ့် ထိခိုက်သေဆုံးမှုတွေရော ရှိခဲ့သလား ဆိုတာကိုတော့ KCNAက အတိအကျ ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။
ကင်ဟာ ရေဘေးသင့် ဒေသတွေမှာ ကိုယ်တိုင် ကွင်းဆင်း စစ်ဆေးခဲ့သလို ရိက္ခာတွေနဲ့ တခြားထောက်ပံ့ရေး ပစ္စည်းတွေ ထိထိရောက်ရောက် ပို့ဆောင်နိုင်ဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။
နွေရာသီ ကာလအတွင်း မြောက်ကိုရီးယားမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီးမှု ပြဿနာတွေ အရင်ကလည်း ကြုံခဲ့ဖူးပါတယ်။ နိုင်ငံရဲ့ ညံ့ဖျင်းတဲ့ ရေဆင်းစနစ်တွေ၊ သဘာဝ ရေထိန်း အတားအဆီးအဖြစ် တည်ရှိရာ သစ်တောတွေကို အလွန်အကျွံ ခုတ်ထွင်မှုတွေ အပါအဝင် အကြောင်းကြောင်းကြောင့် ရေကြီးမှုတွေက ပိုလည်း ဆိုးရွားလာပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း တိုင်ဖွန်းမုန်တိုင်းတွေနဲ့ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် မြောက်ကိုရီးယားမှာ အကြီးအကျယ် အကျပ်ရိုက်စေတဲ့ ရေကြီးမှုတွေ ကြုံခဲ့ဖူးပါတယ်။
အခုနှစ် ရေကြီးမှုမှာတော့ ကင်ဟာ ရာသီဥတုဒဏ်နဲ့ ပတ်သက်လို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်မထားတဲ့ အာဏာပိုင်တွေကို ဆူပူ ကြိမ်းမောင်းခဲ့တယ်လို့လည်း KCNAက ဖော်ပြခဲ့ပါတယ်။ ရေကြီးမှုတွေဟာ လယ်ယာမြေ ဧက အများအပြားကို ပျက်စီးစေတာကြောင့် မြောက်ကိုရီးယားရဲ့ ရှိရင်းစွဲ စားနပ်ရိက္ခာ မဖူလုံမှု ပြဿနာကို ပိုပြီး ဆိုးရွားလာစေဖွယ် ရှိတယ်လို့လည်း နိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့် လေ့လာသူတွေက သတိပေး ပြောကြားထားပါတယ်။
Ref: CNA