Photo – MNDAA
ဇူလိုင် ၊ ၂၉
လားရှိုးမြို့တွင်း တောင်ဘက် အခြေစိုက် စစ်ကောင်စီစခန်းတွေအားလုံးကိုသိမ်းပိုက်ခဲ့ပြီးနောက် ရမခ ဌာနချုပ် ဧရိယာနဲ့မိုင်ဝက်ကျော်သာဝေးတဲ့ လားရှိုးဘူတာကို မနေ့က ဆက်လက်သိမ်းပိုက်ခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်အသိပေးပါတယ်။
မန္တလေး-လားရှိုး ရထားလမ်းပိုင်းမှာပါဝင်တဲ့ လားရှိုးဘူတာဟာ စစ်ကောင်စီရဲ့ ရမခဌာနချုပ် အဆောက်အအုံ အနောက်ဘက် တမိုင်အကွာလောက်မှာရှိပြီး အဲ့ဒီအဆောက်အအုံရှိရာ ဌာနချုပ်ဝန်းနဲ့တော့ မိုက်ဝက်ကျော် လောက်သာ ဝေးပါတယ်။
ဘူတာကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA ဘက်က ထုတ်ပြန်လာတဲ့ ရုပ်သံဖိုင်ထဲမှာတော့ လူသူကင်းနဲ့နေပြီး MNDAA တပ်ဖွဲ့ဝင်တွေသာရှိနေတဲ့ ဘူတာထဲက သံလမ်းပေါ်မှာ ဆိုက်ကပ်ရပ််နားထားတဲ့ ရထားတစင်းရှိနေတာ လည်းတွေ့ရပါတယ်။
MNDAA တပ်ဖွဲ့ဟာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း လားရှိုးမြို့တောင်ဘက်က စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက် ခဲ့သလို ရမခ ဌာနချုပ်မြောက်ဘက် သုံးမိုင်အကွာလောက်က ခလရ ၆၈နဲ့ ကိုလည်း သိမ်းပိုက်နိုင်ပြီလို့ မနေ့က ထုတ်ပြန်ထားတာကြောင့် လက်ရှိမှာ ရမခ ဌာနချုပ်ဟာ ဝိုင်းပတ်ပိတ်ဆို့ခံလာရတဲ့အခြေအနေဖြစ်ပါတယ်။
ရမခ ဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီလို့ MNDAA ဘက်က ဇူလိုင် ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းမှာမှ ရမခ အနီး မိုင်အနည်းငယ်အကွာက စစ်ကောင်စီစခန်းတွေကို တခုပြီးတခု ဆက်တိုက် သိမ်းပိုက်ကာ ဝိုင်းပတ် ပိတ်ဆို့လာတဲ့ သဘော ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာပဲ MNDAA ရဲ့ အထူးဒေသ(၁)ရဲတပ်ဖွဲ့စခန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လားရှိုးမြို့တွင်း ပြည်သူတွေလုံခြုံရေးအတွက် စတင်တာဝန်ယူထားပြီလို့ ဒီကနေ့မှာပဲ အသိပေးထားပါသေးတယ်။
စစ်ကောင်စီကလည်း ရမခဌာနချုပ်အပါအဝင် လားရှိုးမြို့ကို လက်မလွှတ်ရသေးဘဲ ဆက်လက် တိုက်ခိုက်နေ ဆဲ သာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားတာရှိပါတယ်။ဒေသခံတွေကတော့ လားရှိုးမြို့တွင်းမှာ ဒီကနေ့အထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ပြောကြပါတယ်။
ဒီအတောအတွင်း လားရှိုးမြို့အခြေအနေအပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ မူဝါဒတွေနဲ့ ပတ်သက်တဲ့ ထုတ် ပြန်ချက်အတု ဆယ်စောင်ထက်မနည်းနဲ့သတင်းအတုတွေ ထွက်ပေါ်နေတယ်လို့ ကိုးကန့်တပ်က ဒီကနေ့မှာပဲ ထုတ်ပြန်အသိ ပေးထားပါတယ်။
အဲ့ဒီထုတ်ပြန်ချက်အတုတွေထဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက နိုင်ငံတော်ကနေ ခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်တော့မယ်ဆိုတဲ့ သတင်းအတုလည်းပါဝင်နေတယ်လို့ သိရပါတယ်။
ညံ့ဖျင်းတဲ့တရုတ်ဘာသာအရေးအသား၊တိကျမှန်ကန်မှုမရှိတဲ့ ရေးပုံရေးနည်း၊ညီနောင်သုံးဖွဲ့ရဲ့ အမှတ်တံဆိပ် တွေကို ပြန်လည်ပြုပြင်အသုံးပြုထားတဲ့ ထုတ်ပြန်ချက်အတုနဲ့ သတင်းအချက်အလက်အတုတွေ ထွက်ပေါ်နေတာ လို့ဆိုပါတယ်။
“ဤသို့ပြုလုပ်ရခြင်းမှာ တိုက်ပွဲတိုင်းအောင်ပွဲရရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိအား ပေးရန်၊အိမ်နီးချင်းနိုင်ငံအားအထင်အမြင်လွဲမှားစေရန်၊မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းလက်နက် ကိုင်အဖွဲ့အား အသက်ရှုအနားယူခွင့်ရစေရန်ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်”လို့ MNDAA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် အဲ့ဒီလို ထုတ်ပြန်ချက်အတု၊သတင်းအတု ထုတ်လွှင့်တိုက်ခိုက်နေသူတွေကို နောင်တချိန်မှာ ရှာဖွေဖော် ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လည်း ဆိုပါတယ်။