လားရှိုးထောင်အနီးက ခလရ ၆၈ နဲ့ ဆင်တောင်အသံလွှင့်စခန်းသိမ်းတိုက်ပွဲတွေကနေ စစ်ကားဆယ်စီးနဲ့ လက်နက်ခဲယမ်းအများအပြား MNDAAရ

Photo – MNDAA

ဇူလိုင် ၊ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က စစ်ကောင်စီခြေလျင်တပ်ရင်း(ခလရ) ၆၈ နဲ့ ဆင်တောင် တောင်ထိပ် မှာရှိတဲ့ အသံလွှင့်ကုန်းမြင့်စခန်းတို့ကို ဇူလိုင် ၂၇ ရက်၊ မနေ့က အပြီးသတ် သိမ်းပိုက်ရာမှာ စစ်ကားဆယ်စီးနဲ့ လက်နက်ခဲယမ်းအများအပြားရခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA) ထုတ်ပြန်ကြေညာပါတယ်။

လားရှိုးကနေ သိန္နီဘက်အထွက် အေဒီတံတားအကျော်မှာရှိတဲ့ အဲဒီ ခလရ ၆၈ ကို အရင်ရက်တွေကတည်းက MNDAA ဦးဆောင်တဲ့ တပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲအတွင်းမှာပဲ စစ်ကောင်စီဘက် ကလည်း အင်အားဖြည့်တင်းတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

MNDAA ကတော့ အဲဒီ ခလရ ၆၈ ကို တိုင်းရင်းသားတပ်မဟာ ၆၁၁ လက်အောက်က တပ်ဖွဲ့ဝင်တွေ တိုက် ခိုက်သိမ်းပိုက်ခဲ့တာလို့ဖော်ပြပါတယ်။

တိုင်းရင်းသားတပ်မဟာ ၆၁၁ ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲကမှာ MNDAA က အသစ်ဖွဲ့စည်းထားတဲ့ တပ်မဟာ တခုဖြစ်ပြီး နွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ ဒေသအသီးသီးက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ပါဝင်ပါတယ်။

ခလရ ၆၈ တိုက်ပွဲအတွင်းမှာတော့ MNDAA၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တို့နဲ့အတူ သူတို့တပ် တွေလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကလည်း ဓာတ်ပုံမှတ် တမ်းတွေနဲ့ အတူ ထုတ်ပြန်သတိပေးထားပါတယ်။

ခလရ ၆၈ နဲ့ တရက်တည်း သိမ်းပိုက်ရရှိခဲ့တဲ့ ဆင်တောင် အသံလွှင့်ကုန်းမြင့်စခန်းကုန်းတော့ ရမခ ဌာနချုပ်နဲ့ တပ်ရင်းတချို့ရှိရာ ရပ်ကွက် ၁၂ နဲ့ ကပ်လျက်မှာပဲရှိပြီး အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာလည်း လက်နက်ခဲယမ်း တွေ သိမ်းဆည်းရမိခဲ့တယ်လို့ MNDAA က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့တွင်းမှာ ရမခ တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီစခန်းစုစုပေါင်း ၁၃ ခုအထိရှိနေပြီး အဲ့ဒီအထဲ က အဓိက တိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ ခမရ ၅၀၇၊ ခလရ ၄၁၊ ခမရ ၅၂၂ နဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲ၊စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းစတဲ့မြို့ တောင်ဘက်အခြမ်းအခြေစိုက်တပ်စခန်းတွေနဲ့ မြို့တော်ခန်းမလို နေရာတွေကိုတော့ MNDAAကပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

မြို့မြောက်ဘက်ခြမ်းမှာတော့ အခုသိမ်းပိုက်ခံရတဲ့ ခလရ ၆၈အပြင် ဝန်တင်တပ်ရင်း၊ ရမခဌာနချုပ်၊လေတပ် စခန်း၊အမြောက်တပ်ရင်း၊တင့်ကားတပ်ရင်းတို့အပါအဝင် စုစုပေါင်းစစ်စခန်းကိုးခုလောက် ရှိနေပါတယ်။

MNDAA က ရမခ ကို သိမ်းပိုက်နိုင်ပြီလို့ ကြေညာပြီးနောက် မြို့တွင်းအုပ်ချုပ်ရေးဆိုင်ရာအစီအမံတွေကိုပါ ထုတ်ပြန်ခဲ့ပေမယ့် ဒီကနေ့အထိ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်လာတဲ့ ဓာတ်ပုံ၊ရုပ်သံတွေထဲမှာတော့ ရမခ ဌာနချုပ်အဆောက်အအုံကိုမတွေ့ရသေးပါဘူး။

MNDAA က ခလရ ၆၈ကို သိမ်းပိုက်ခဲ့ပြီးနောက် ဒီကနေ့မှာ လားရှိုးအကျဉ်းထောင်ရှိနိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေ လွတ်မြောက်လာတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် မြေပြင် အတည်ပြုချက်တော့မရ သေးပါဘူး။

လားရှိုးအကျဉ်းထောင်ဟာ AD တံတား အနီး လားရှိုး-မူဆယ်လမ်းဘေးမှာရှိတာဖြစ်ပြီး ခလရ ၆၈ တပ်ရင်းနဲ့ တမိုင်လောက်သာဝေးပါတယ်။

လားရှိုးမြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို အပြီးသတ် သိမ်းပိုက် နိုင်လိုက်ပြီလို့ ဇူလိုင် ၂၅ ရက်နေ့မှာ MNDAA က ကြေညာခဲ့ပြီး လက်ကျန်တပ်ရင်းတွေ၊ တပ်စခန်းတွေကို သိမ်း ပိုက်ရရှိရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့  MNDAA က ဆိုထားပါတယ်။