လူထုအမြင် စစ်တမ်းမှာ ထရမ့်ရဲ့ အသာစီးရမှုကို ဟားရစ် အမီလိုက်လာ

ဇူလိုင် ၊ ၂၇

အမေရိကန် ရွေးကောက်ပွဲကြို လူထုအမြင် စစ်တမ်းတွေမှာ ဒေါ်နယ်လ်ထရမ့်ရဲ့ အသာစီး ရနေမှုကို ကာမာလာ ဟားရစ်က အမီလိုက်လာနေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်က ရွေးကောက်ပွဲ ဆက်မဝင်တော့ဖို့ ဆုံးဖြတ်ကြောင်း ကြေညာလိုက်တဲ့နောက် ဟားရစ်ဟာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာကနေ ယှဉ်ပြိုင်ဖို့ လမ်းပွင့်လာခဲ့ပါတယ်။ အစောပိုင်းတုန်းက ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် ထရမ့်ဟာ ဘိုင်ဒန်အပေါ် သိသိသာသာ အသာစီး ရနေခဲ့ပေမယ့် ဘိုင်ဒန်နေရာ ဟားရစ်က အစားထိုးဖို့ ပြင်ဆင်လာချိန်မှာ ဒီမိုကရက်တစ်တွေအပေါ် ထောက်ခံမှုတွေ ပြန်လည် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဟားရစ်ဟာ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင် ခန့်အပ် မခံရသေးပေမယ့် ပါတီရဲ့ စီနီယာ အကျဆုံး ခေါင်းဆောင်ပိုင်းတွေဆီက ထောက်ခံမှု ရရှိထားပါတယ်။ လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီပလော့စီ၊ အမေရိကန် သမ္မတဟောင်း ဘာရတ်အိုဘားမားနဲ့ လက်ရှိ သမ္မတ ဘိုင်ဒန်တို့ ကိုယ်တိုင်က ဟားရစ်ရဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုကို အသီးသီး ထောက်ခံပေးထားကြပါတယ်။

လက်ရှိ အမေရိကန် ဒုတိယ သမ္မတလည်းဖြစ်တဲ့ ဟားရစ်ဟာ အမေရိကန် နိုင်ငံသမိုင်းမှာ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်တဲ့ ပထမဆုံး လူမည်းအမျိုးသမီး၊ အာရှတောင်ပိုင်း အနွယ်ဝင် တဦးအဖြစ် သမိုင်းမှတ်တမ်း ရေးထိုးနိုင်ဖို့ အနီးစပ်ဆုံး ဖြစ်လာပါတယ်။

လူထုအမြင် စစ်တမ်း အများစုမှာ ဟားရစ်ဟာ ထရမ့်ရဲ့ နောက်ကောက်ချခြင်းကို ခံနေရဆဲ ဖြစ်ပေမယ့် ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်နှစ်ယောက်ကြားက ကွာဟချက်ဟာ ထရမ့်နဲ့ ဘိုင်ဒန်တုန်းကလို မဟုတ်တော့ဘဲ အရမ်းကျဉ်းမြောင်းလာခဲ့ကြောင်း လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဟားရစ်ဟာ ဘိုင်ဒန်နဲ့ယှဉ်ရင် မျိုးဆက်သစ် လူငယ်မဲဆန္ဒရှင်တွေ၊ ပြီးတော့ လူဖြူမဟုတ်တဲ့ မဲဆန္ဒရှင်တွေကို ပိုမို ဆွဲဆောင်နိုင်ဖွယ် ရှိတယ်လို့လည်း ယူဆရပါတယ်။ အမေရိကန် နိုင်ငံရေး အကဲခတ်တွေကတော့ ဟားရစ်ဟာ သူ့ရဲ့ ဒုတိယ သမ္မတလောင်းနေရာ ခန့်အပ်မယ့် သူကို ဂရုတစိုက် ရွေးချယ်သင့်ပြီး အထူးသဖြင့် ပါတီစွဲ မရှိတဲ့ ပြည်နယ်တွေကို ပိုမို ဆွဲဆောင် သိမ်းသွင်းနိုင်မယ့် သူမျိုးကို နေရာပေးသင့်ကြောင်း အကြံပြု ပြောကြားထားပါတယ်။

Ref: Guardian