ရေကြီးနေတဲ့ မြဝတီ၊ ဘားအံနဲ့ ဘီးလင်းဘက်မှာ ရေထပ်တိုးနိုင် 

 Photo –မာဃလူမှုကူညီရေးအသင်း/Social media (ပုံစာ- ဘားအံနဲ့ မြဝတီမြို့ရေကြီးမှုအခြေအနေမြင်ကွင်း)

ဇူလိုင် ၊ ၂၆

မိုးအဆက်မပြတ်ရွာတာနဲ့ မြစ်ရေ လျှံတက်မှုတွေကြောင့် လက်ရှိ ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ ကရင်ပြည်နယ် ထဲက မြဝတီ၊ ဘားအံနဲ့ မွန်ပြည်နယ်ထဲက ဘီးလင်းဘက်မှာ ရေထပ်ကြီးလာနိုင်တယ်လို့  မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှူး ဦးစီးဌာန(မိုး/ဇလ) ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

“အဓိက ဒီရက်ပိုင်းကတော့ ကယ်ဆယ်ရေးအတွက်ပဲ အဓိက ဦးစားပေးလုပ်မယ်၊ လူတွေဆွဲထုတ်ပြီးမှပဲ ထောက်ပံ့ရေးဘက်ကို ပြန်သွားဖို့ လျာထားတယ်၊ မိုးကလည်း ရှယ်ရွာနေတာ” လို့ ဘားအံမြို့မှာ ရေဘေးကယ် ဆယ်ရေးလုပ်နေတဲ့ ပရဟိတအဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။ 

မိုး/ဇလရဲ့ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲ တိုင်းထွာချက်တွေအရတော့ စိုးရိမ်ရေမှတ်ထက် သောင်ရင်းမြစ်ရေက ၁၁ ပေကျော်နဲ့ သံလွင်မြစ်ရေက လေးပေနီးပါးကျော်လွန်နေပြီး နောက်တရက်အတွင်း နှစ်ပေဝန်းကျင်စီ ထပ်မံမြင့် တက်လာနိုင်တယ်လို့ သိရပါတယ်။ 

အလားတူပဲ ဘီးလင်းမြစ်ရေကလည်း လက်ရှိမှာ စိုးရေရိမ်မှတ်ထက် သုံးပေနီးပါး ကျော်လွန်နေပြီး နောက်တရက်အတွင်း ပေ ဝက်လောက် ထပ်မံမြင့်လာနိုင်တယ်လို့ မိုး/ဇလ က ထုတ်ပြန်ထားပါတယ်။

မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကတော့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အနောက် ဘက် ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကုန်းတွင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ် ပေါ်နေတာ ကြောင့် ရက်ပိုင်းအတွင်း မြန်မာပြည်အနှံ့ မိုး ဆက်များနိုင်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေး သား ထားပါတယ်။ 

လက်ရှိမှာပဲ သံလွင်မြစ်ရေ ရေလျှံမှုကြောင့် ဘားအံမြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၁၊ ၂၊ ၅ ဘက်နဲ့ အနီးအနား ကျေးရွာတချို့ ရေနစ်မြုပ်မှုတွေရှိနေလို့ ရေဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။ 

“အိမ်ထောင်စုအနေနဲ့ဆို ကျွန်တော်တို့အဖွဲ့တွေ ပြောင်းပေးတာကတော့ ခန့်မှန်း​ခြေ သုံးဆယ်လောက်ရှိတယ်၊ သူ့ အစီအစဥ်နဲ့ ပြောင်းနေကြတာတွေလည်း အများကြီးပဲ” လို့လည်း ဘားအံမြို့ခံ ပရဟိတအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

အလားတူပဲ သောင်းရင်းမြစ်ရေလျှံတာနဲ့ မိုးအဆက်မပြတ်ရွာနေတာကြောင့် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှာ လည်း ဒီကနေ့ မနက်အစောပိုင်းကစပြီး ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။ 

“အမှတ် (၁) တံတားတလျှောက် နေအိမ်တွေအကုန်လုံးက အိမ်ထဲထိ ရေဝင်ပြီး ရေမြုပ်နေပြီ၊ မြေနိမ့်ပိုင်းက အိမ်တွေမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေ လှေနဲ့ လိုက်ကယ်နေတာတွေ့တယ်” လို့ မြဝတီမြို့ခံတဦးက DNA ကို ပြောပါတယ်။ 

ဒါ့အပြင် မြဝတီမြို့လယ်ကောင်မှာလည်း ကားနဲ့ ဆိုင်ကယ်တွေ သွားလို့အဆင်မပြေလောက်အောင်အထိ ရေနစ်မြုပ် နေတယ်လို့လည်း သူက ပြောပါတယ်။ 

အလားတူပဲ ဘီးလင်းမြစ်ရေ လျှံတက်လာတာကြောင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့က မြေနိမ့်ပိုင်းရပ်ကွက်တချို့နဲ့ ကျေးရွာတချို့မှာလည်း ရေနစ်မြုပ်တာတွေရှိနေပြီး ရေဘေးသင့်ပြည်သူ နှစ်ထောင်ဝန်းကျင်အထိ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ 

ဒီကနေ့ မနက်ပိုင်းမှာပဲ ဘီးလင်းမြို့နဲ့ သထုံမြို့နယ်၊ ဒုံဝန်းရွာကြား ကားလမ်းရေကျော်နေတာကြောင့် သွားလာ လို့မရဘဲ ကုန်တင်ကားနဲ့ ခရီးသည်ကား ရာချီ လမ်းမှာပဲ ပိတ်မိနေကြပါတယ်။ 

ဧရာဝတီတိုင်းထဲက နေရာတချို့မှာလည်း ဧရာဝတီမြစ်ရေလျှံမှုကြောင့် မနေ့ကစပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ 

မိုး/ဇလ ကတော့ အခုလို ရေကြီး၊ ရေလျှံမှုတွေကြောင့် ကရင်ပြည်နယ်ထဲက ဘားအံမြို့နယ်၊ မြဝတီမြို့နယ်၊ ကရင်ပြည်နယ်ထဲက ဘီးလင်းမြို့နယ်၊ ဧရာဝတီတိုင်းထဲက ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ သာပေါင်းမြို့နယ်၊ မအူပင်မြို့နယ်စတဲ့ ဒေသတွေနဲ့ ပဲခူးတိုင်းထဲက မဒေါက်မြို့၊ ရွှေကျင်မြို့နယ်တွေက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။