ရခိုင်တောင်ပိုင်း သံတွဲနဲ့ တောင်ကုတ်မှာ သံကြိုးနဲ့ ချည်နှောင်ထားတဲ့ အလောင်းတွေ ဆက်တိုက်တွေ့

Photo – Google Map

ဇူလိုင်၊ ၂၆

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲနဲ့ တောင်ကုတ်မြို့နယ်တွေမှာ သံကြိုးနဲ့ ချည်နှောင် ရိုက်နှက်ခံထားရတဲ့ အလောင်းတွေ ဆက်တိုက်တွေ့နေပြီး တပတ်ကျော်အတွင်း အလောင်းတဆယ်ကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

“အားလုံးမှာ နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေပါတယ်၊ ဆက်စပ်ကြည့်မယ်ရင် စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ အလောင်းတွေဆိုတာ သေချာတယ်၊ စစ်တပ်က ဖမ်းသွားပြီး အခုထိ ပျောက်နေတဲ့သူတွေလည်း ရှိနေတော့လေ” လို့  သံတွဲဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က သံတွဲနဲ့ တောင်ကုတ်မြိုနယ်အစပ် ကုလားရောင်ကျွန်းကမ်းခြေမှာ ခြေထောက်သံကြိုးချည်ထားတဲ့ အလောင်း ခုနှစ်လောင်း သောင်တင်လာပြီး အဲဒီအလောင်းတွေမှာ အပြင်းအထန်ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း သံတွဲမြို့နယ် ငပလီကမ်းခြေ မြပြင်ရွာအနီးသောင်ပြင်မှာ အလောင်း တဆယ်နီးပါး တွေ့ခဲ့ရကာ အဲဒီအ လောင်းတွေမှာလည်း ရိုက်နှက်ဒဏ်ရာတွေ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီက ထွက်ပြေးတော့ လမ်းမှာ ဓါးစာခံဖမ်းသွားတဲ့သူတွေရှိတယ်လေ၊ အသားလွှတ်ပစ်သတ်ခဲ့တာလည်း ရှိတယ်၊ အခု တွေ့တဲ့အလောင်းတွေကလည်း အဲဒီလူတွေပဲ ဖြစ်မယ်ထင်တယ်”လို့ ငပလီကမ်းခြေ ဂျိတ်တောရွာသားတဦးက ပြောပါတယ်။

ဒါပေမယ့် အဲဒီအလောင်းတွေဟာ ဘယ်သူတွေရဲ့အလောင်းဖြစ်တယ်၊ ဘယ်သူ့လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်ဆိုတာကိုတော့ DNA က သီးသန့် အတည်မပြုနိုင်ပါဘူး။

အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ကြောင့် ငပလီအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တပ်ရင်းတို့မှ စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင်လပထမပတ်အတွင်းမှာ တပ်ဆုပ်ပြေးခဲ့ကြတာဖြစ်ပြီး မြပြင်၊ လင်းသာစတဲ့ ကမ်းခြေရွာတွေကို ဖြတ်၊ကာ လမ်းတလျှောက်တွေ့တဲ့ အရပ် သားတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက DNA ကို ပြောထားပါတယ်။

“ထွက်မပြေးနိုင် ပိတ်မိကျန်ခဲ့သူတွေလည်း ရှိတယ်၊ ပြီးရင် အိမ်တွေ ဖောက်ခံရမှာစိုးလို့ ရွာပြန်သွားတဲ့သူတွေလည်း အဖမ်းခံရတာရှိတယ်၊ ပြန်မရောက်ကြသေးဘူး ခုထိ”လို့ ငပလီ ကမ်းခြေ လင်းသာရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ်တိုက်ပွဲအတွင်း  အဆက်အသွယ်ပြတ်တောက်ပြီး ဘယ်ရောက်နေမှန်းမသိသေးတဲ့ ဒေသခံပြည်သူတွေဟာလည်း ဆယ်ချီရှိနေတယ်လို့ ဒေသတွင်း သတင်းဌာနတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာ သုံးလ၀န်းကျင်ရှိပြီဖြစ်တဲ့ သံတွဲမြို့နယ်မှာ ပစ်ခတ်သတ်ဖြတ်တာ၊ လေကြောင်း၊ လက်နက်ကြီးပစ်လတ်တာစတဲ့ စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် သေဆုံးရသူအရပ်သား တရာကျော်အထိ ရှိခဲ့ပြီလို့ ဒေသတွင်း စာရင်းကောက်ယူနေသူတွေက ပြောပါတယ်။

အခုအခါ သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က သဗြုချိုင်ရေတပ်စခန်းနဲ့ ဂျိတ်တောရွာစခန်းတို့သာ ကျန်တော့ပြီး လေဆိပ်၊ အခြေစိုက်တပ်ရင်းနှစ်ခု၊ မြို့ပေါ်နဲ့ မြို့နယ်တခုလုံးနီးပါးကို AA က ထိန်းချုပ်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက်၀က်ကျော်(ကိုးမြို့)ကို သိမ်းပိုက်ထားပြီး ပြည်နယ်တခုလုံးထိန်းချုပ်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ သံတွဲအပြင် မောင်တောမြို့ကိုပါ အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေကာ အမ်းအခြေစိုက်တပ်စခန်း၊ တပ်ရင်းတွေကိုပါ တိုက်ခိုက်နေပါတယ်။