အမေရိကန်ရဲ့ အလာစကာ ပြည်နယ်နားမှာ တရုတ်နဲ့ ရုရှား ဗုံးကြဲလေယာဉ်တွေ ကင်းလှည့်ပျံသန်း

ဇူလိုင်၊ ၂၆

အမေရိကန်ရဲ့ အလာစကာ ပြည်နယ် ကမ်းလွန်မှာ တရုတ်နဲ့ ရုရှား ဗုံးကြဲတိုက်လေယာဉ်တွေ ပထမဆုံးအကြိမ် ပူးပေါင်းပြီး ကင်းလှည့် ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

မြောက်အမေရိကန် လေကြောင်းကာကွယ်ရေး စစ်ဦးစီးဌာန (NORAD)က ဇူလိုင် ၂၄ ရက်နေ့တုန်းက ပစိဖိတ် သမုဒ္ဒရာမြောက်ပိုင်း၊ ဘယ်ရင်ပင်လယ်နားက အလာစကာပြည်နယ် ကမ်းလွန်မှာ ရုရှားနဲ့ တရုတ် နျူကလီးယား ဗုံးကြဲလေယာဉ်ကြီး နှစ်စီးစီ ပူးပေါင်း ပျံသန်းခဲ့တာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အဲဒီအတွက် NORADဟာ အမေရိကန်နဲ့ ကနေဒါ လေတပ်ရဲ့ F-35နဲ့ F-16 တိုက်လေယာဉ်တွေကို အရေးပေါ် ပျံတက်စေပြီး တရုတ်နဲ့ ရုရှား လေယာဉ်တွေရဲ့ လမ်းကြောင်းကို စောင့်ကြည့်စေခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ် လေးစီးစလုံးဟာ အလာစကာ လေပိုင်နက်ကို ကျူးကျော် ဝင်ရောက်ခဲ့တာ မရှိဘူးလို့ NORADက အတည်ပြုခဲ့ပါတယ်။

အလာစကာ ပြည်နယ်ဟာ ရုရှားပိုင်နက်နဲ့ သိပ်မဝေးတဲ့အတွက် အရင်က ရုရှားစစ်လေယာဉ်တွေ ချဉ်းကပ် ပျံသန်းမှုမျိုးနဲ့ ကြုံတွေ့ခဲ့ဖူးပေမယ့် တရုတ် ဗုံးကြဲလေယာဉ်တွေနဲ့ အခုလို ပူးတွဲပျံသန်းတာကိုတော့ ပထမဆုံး မြင်တွေ့ရတာလို့ NORADက ဆိုပါတယ်။

ရုရှားရဲ့ TU-95MS မဟာဗျူဟာ ဗုံးကြဲလေယာဉ် နှစ်စီးနဲ့ တရုတ်ရဲ့ Xian H-6 မဟာဗျူဟာ ဗုံးကြဲလေယာဉ် နှစ်စီးတို့ဟာ အဲဒီ ကင်းလှည့် ပျံသန်းမှုကို ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ ရုရှားဖက်ကလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လေယာဉ်တွေဟာ နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်တဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။

ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲကြောင့် အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ ကြုံလာချိန်မှာ ရုရှားဟာ တရုတ်နဲ့ ဆက်ဆံရေးကို ပိုပြီး အားသွန်ခွန်စိုက် မြှင့်တင်ခဲ့ပါတယ်။ အမေရိကန်ကတော့ တရုတ်နဲ့ ရုရှား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေ အားကောင်းလာခြင်းဟာ ကြီးမားတဲ့ နောက်ဆက်တွဲ ခြိမ်းခြောက်မှုတွေဆီ ဦးတည်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ အမေရိကန် စွပ်စွဲချက်တွေကို ပယ်ချပြီး ရုရှားနဲ့ တရုတ်ကြား အာတိတ်ဒေသမှာ စစ်ရေး ပူးပေါင်း လှုပ်ရှားမှုတွေ မြှင့်တင်ခြင်းဟာ ဒေသရဲ့ တည်ငြိမ်မှုကို အာမခံချက် ပိုမိုပေးစွမ်းနိုင်အောင်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

Ref: BBC