စစ်ကောင်စီတပ်က သံတွဲ – ဂွ ကားလမ်းရှိ အရေးပါတံတားတွေကိုမိုင်းခွဲ ဖျက်ဆီး

 Photo – ABN

ဇူလိုင်၊ ၂၅

သံတွဲမြို့နဲ့သံတွဲအခြေစိုက်တပ်ရင်းဌာနချုပ်နှစ်ခုလုံးကို လက်လွှတ်လိုက်ရပြီဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ သံတွဲနဲ့ ဂွမြို့နယ်အစပ်ရှိ ဒေသတွင်းဆက်သွယ်ရေးအတွက်အရေးပါတဲ့ ချင်းကွင်းတံတားအပါအဝင် တံတားသုံးခုကိုမိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့နယ်နှစ်ခုကြားအစပ် ဂွမြို့နယ် ကျိန္တလီမြို့အနီးရှိ ချင်းကွင်းရွာတံတားကို မနေ့က ဇူလိုင် ၂၄ ရက်နေ့မှာ မိုင်းခွဲချိုးဖျက်လိုက်တာလို့ ဆိုပါတယ်။

“တံတားတစင်းလုံးကို ဖျက်ဆီးလိုက်တာ၊ ဘယ်လိုမှ သွားလာလို့ မရတော့ဘူး”လို့ ကျိန္တလီဒေသခံတဦးက DNA ကို ပြောပါတယ်။

ဒါ့အပြင်သံတွဲ-ဂွကားလမ်းရှိသရက်ပင်ကွင်းနဲ့ဆင်ဒင်ကလေးတံတားတွေကိုလည်း စစ်ကောင်စီတပ်သားတွေက မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

သံတွဲမြို့နယ်အတွင်းရှိ သဗြုချိုင်ရေတပ်စခန်းနဲ့ ဂျိတ်တောရွာစခန်းတို့ကလွှဲလို့ မြို့နယ်တခုလုံးကို သိမ်းပိုက် ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA)ဟာ ပြည်နယ်တောင်ပိုင်းအစွန်ဆုံး၊ ဧရာ၀တီတိုင်းနဲ့အစပ် ဂွမြို့ကိုပါ ချည်းကပ်လာချိန် စစ်ကောင်စီက အခုလို တံတားချိုးဖျက်လိုက်တာပါ။ 

“အာရက္ခတပ်တော် လိုက်လာမှာ ကြောက်လို့ ဖျက်လိုက်တာ၊ သူတို့လည်း သံတွဲကနေ တဖြေးဖြေးပြေးလာတာ ဂွမြို့ထိတောင် ရောက်တော့မယ်” လို့ ကျိန္တလီဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်က ချိုးဖျက်လိုက်တဲ့ တံတား​တွေဟာတောင်ကုတ် – သံတွဲ – ဂွ- ဧရာ၀တီတိုင်း ငသိုင်းချောင်း တို့ကြား ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။

အဲဒီလို ဒေသတွင်း ဆက်သွယ်ရေးနဲ့ ကုန်စည်သယ်ယူရေးအတွက် အရေးပါတဲ့ တံတားတွေဖျက်ဆီးခံရတာကြောင့် စစ်ရှောင်တွေနဲ့ အရေးပေါ် ဆေးဝါးကုသဖို့ လိုအပ်သူတွေအတွက် အခက်အခဲရောက်သွားစေတယ်လို့  ပြောကြပါတယ်။

“ချောင်းကလည်း အကျယ်ကြီးလေ၊ အရေးအကြောင်း သွားလို့မရတော့ဘူး၊ စစ်ရှောင်တွေလည်း ပြေးလို့မလွယ်တော့ဘူး၊ စစ်တပ်က AA ကို ကြောက်တာထက် ပြည်သူတွေကိုပါ ပြေးမလွှတ်အောင် လုပ်တာ” လို့ သံတွဲမြို့နယ်အတွင်း ပိတ်မိနေတဲ့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

သံတွဲမြို့နယ်တခုလုံးကို လက်လွှတ်ရတော့မယ့် စစ်ကောင်စီတပ်ဟာ နှစ်ဖက်တိုက်ပွဲမရှိသေးတဲ့ ဂွမြို့နယ်အတွင်းက လူနေကျေးရွာအနီး၀န်းကျင်တောင်တန်းတွေ၊ ကားလမ်းတွေပေါ်မှာ မိုင်းထောင်တာ၊ စစ်စခန်းတိုးချ၊ ဂိတ်ဖွင့်တာတွေ လုပ်နေတယ်လို့ ဂွဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ထောင်ထားတဲ့ အဲဒီမိုင်းတွေကြောင့် ဂွမြို့နယ်မှာ တလ၀န်းကျင်အတွင်း သေဆုံးဒဏ်ရာရသူ ငါးဦးထက်မနည်းရှိပြီဖြစ်ကာ ဒေသခံတွေမှာ သူတို့ရဲ့ ဉယျာဉ်ခြံမြေတွေနဲ့ တောတောင်တွေကို မသွားရဲဖြစ်နေကြပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းမှစကာ သံတွဲမြို့နယ်အတွင်း ထိုးစစ်တွေ စတင်ခဲ့တဲ့ AAဟာသူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းရှိရာ မြို့နယ်မြောက်ပိုင်းတခုလုံး၊ တပ်ရင်းဌာနချုပ်နှစ်ခုနဲ့ လေဆိပ်တို့ရှာ ငပလီကမ်းခြေ၊ သံတွဲမြို့နဲ့ သံတွဲ – ဂွလမ်းပိုင်းတို့ကို ထိန်းချုပ်ထားပါတယ်။

အခုအခါ သံတွဲမြို့နယ်အတွင်းရှိ နောက်ဆုံးလက်ကျန်တပ်စခန်းနှစ်ခုဖြစ်တဲ့ သဗြုချိုင်ရေတပ်နဲ့ ဂျိတ်တောရွာစခန်းတို့ကိုပါ AA က  ဝိုင်း၀န်းပိတ်ဆို့ထားကာ တိုက်ပွဲအချို့လည်း ရှိနေတယ်လို့ စစ်ရေးနီးစပ်သူတွေက ပြောကြပါတယ်။

“ဂျိတ်တောရော၊ ရေတပ်ပါ ကျတော့မှာ၊ ရေကြောင်းက ပြေးရင်ပဲ လွှတ်မယ်၊ ပြေးဖို့ လုပ်နေပြီကြားတယ်၊ ရေတပ်မှာ နိုင်ကျဉ်းတွေကိုလည်း ဓါးစာခံလုပ်ထားတယ်” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ သံတွဲဒေသခံတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက်၀က်ကျော်(ကိုးမြို့)ကို သိမ်းပိုက်ထားပြီး ပြည်နယ်တခုလုံးထိန်းချုပ်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ သံတွဲအပြင် မောင်တောမြို့ကိုပါ အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေကာ အမ်းအခြေစိုက်တပ်စခန်း၊ တပ်ရင်းတွေကိုပါ တိုက်ခိုက်နေပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ်နဲ့ ကပ်ရပ်၊ ဧရာ၀တီတိုင်းအစပ် ဂွမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တို့မှာ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေကာ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ မကြာခဏ ရှိနေပါတယ်။