လားရှိုးမြို့ပေါ် နေရာတချို့မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေ

Photo – Social Media (ပုံစာ- လားရှိုးမြို့တွင်းလက်နက်ကြီးကျပြီး နေအိမ်တချို့မီးလောင်နေစဉ်- ပုံဟောင်း)

ဇူလိုင်၊ ၂၅ 

လားရှို့မြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ဒီကနေ့ ဇူလိုင် ၂၅ ရက်၊ မနက်အစောပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ ကိုးကန့်တပ်(MNDAA)က ထုတ်ပြန်ထားပေမယ့် နေ့လယ်ပိုင်းအထိတော့ မြို့ပေါ် နေရာ တချို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတုန်းပဲလို့ မြို့ခံတွေဆီကနေ သိရပါတယ်။ 

“ပစ်ခတ်မှုဖြစ်တာ ပိုများတာက ရပ်ကွက် ၁၂ ဘက် ပိုဖြစ်များတယ်၊ ၄၁ မှာလည်း တိုက်နေဆဲ၊ နောက်ထပ်  ၅၀၇ ဘက်လည်း တော်တော်ကြမ်းတယ်ဗျ” လို့ လက်ရှိ လားရှိုးမှာရှိနေတဲ့ မြို့ခံတဦးက DNA ကို ပြောပါတယ်။ 

အဲဒီ ခလရ ၄၁ နဲ့ ခမရ ၅၀၇ တပ်ရင်းတို့ကို ရှေ့ရက်တွေကတည်းက MNDAA တပ်တွေ သိမ်းပိုက်ထိန်းချုပ် ထားနိုင်ပြီလို့ သတင်းတွေ ထွက်နေပြီး လက်ရှိမှာတော့ အဲတဝိုက် တိုက်ပွဲတွေ ဆက်ရှိနေသေးတာပဲ ဖြစ်ပါ တယ်။ 

ရပ်ကွက် ၁၂ မှာတော့ ရမခ အခြေစိုက်တဲ့ အပြင် လေယာဥ်ကွင်း၊ အကျဥ်းထောင်၊ အမြောက်တပ်၊ ထောက် ပို့တပ်၊ အင်ဂျင်နီယာတပ်နဲ့ တခြားတပ်ရင်းတချို့လည်း ရှိပါတယ်။ 

အလားတူပဲ လားရှိုးထောင်အနီးမှာရှိတဲ့ ခလရ ၆၈ ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီ ဘက်ကတော့ အဲဒီ ခလရ ၆၈ ကို အင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။ 

“မြို့ထဲကတော့ တချက်တချက်ပစ်တယ်၊ မြို့ထဲထိ ဝင်ပစ်တာတွေလည်းရှိတယ်၊ ထိခိုက်မှုကတော့ တိတိကျကျမသိသေးဘူး’”လို့လည်း လားရှိုးမြို့ခံက ပြောပါတယ်။ 

နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားတွေလည်း ထိခိုက်မှုရှိနေပြီး အဲဒီအခြေအနေကိုတော့ အတိအကျ မသိရ သေးပါဘူး။ 

ဒီကနေ့ မနက် ခုနစ်နာရီလောက်ကပဲ လားရှိုးမြို့အနှံ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ပရဟိတ သမား ကိုစိုင်းလားရှိုးဟာ သေနတ်နဲ့ ပစ်ခံရလို့ ခြေထောက်ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။ 

MNDAA ဘက်ကတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ဒီမနက် လေးနာရီမှာ သိမ်းပိုက်နိုင်လိုက် တာလို့ ကြေညာထာပြီး ဆက်လက်ဆောင်ရွက်မယ့် မြို့အုပ်ချုပ်ရေး လုပ်ငန်းစဥ်တွေကိုပါ ထုတ်ပြန်ထား ပါတယ်။ 

အလားတူပဲ MNDAA နဲ့အတူ လားရှိုးတိုက်ပွဲမှာ ပါဝင်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်မှူး မောင်ဆောင်းခကလည်း လက်ကျန််နေရာတချို့ကို အပြီးသတ်သိမ်းပိုက်ဖို့နဲ့ ထွက်ပြေးနေတဲ့ရန်သူတွေကို ဖမ်းဆီးဖို့သာ အဓိကကျန်တော့တယ်လို့ လားရှိုးတိုက်ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသား ထားပါတယ်။ 

ဒါပေမယ့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရမခ ကို သူတို့တပ်တွေ ထိန်းချုပ်ထားနိုင် ဆဲ သာဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။