သမ္မတ ရာထူးထက် နိုင်ငံကို ပိုချစ်လို့ ရွေးကောက်ပွဲ မဝင်တော့တာလို့ ဘိုင်ဒန်ပြော

(Erin Schaff/The New York Times via AP, Pool)

ဇူလိုင်၊ ၂၅

သမ္မတ ရာထူးကို အရမ်းတွယ်တာပေမယ့်လည်း နိုင်ငံကို ချစ်မြတ်နိုးတဲ့စိတ်က ပိုအားကောင်းတာကြောင့် ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

သူဟာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတအဖြစ် ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ တရားဝင် ကြေညာအပြီး ပထမဆုံး အကြိမ်အဖြစ် ပြည်သူကို လိပ်မူတဲ့ မိန့်ခွန်းမှာ ဘိုင်ဒန်က အခုလို ပြောဆိုသွားတာပါ။ ဘိုင်ဒန်ဟာ ဇူလိုင် ၂၄ ရက်နေ့က အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲကနေ မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ အမေရိကန် ပြည်သူတွေဟာ ပိုမို သစ်လွင်တဲ့၊ ပိုမိုနုပျိုတဲ့ မျိုးဆက်သစ်တွေရဲ့ အသံကို နားစွင့်ဖို့ လိုလာပြီလို့ အသက် ၈၁ နှစ်အရွယ် သမ္မတက ထည့်သွင်း ပြောဆိုသွားပါတယ်။ ဘိုင်ဒန်က လက်ရှိ ဒုတိယ သမ္မတဖြစ်သူ ကာမာလာ ဟားရစ်ဟာ ပါတီကိုယ်စားပြု ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် သမ္မတလောင်း ဖြစ်သင့်တယ်လို့လည်း ထောက်ခံထားပါတယ်။

ရွေးကောက်ပွဲ ဆက်မဝင်တော့ဖို့ ဆုံးဖြတ်ခဲ့တာဟာ ပါတီအတွက်ရော၊ နိုင်ငံအတွက်ပါ ကောင်းကျိုး ရှိစေမယ်လို့ ယုံကြည်ကြောင်း၊ သူကိုယ်တိုင်က သမ္မတ ရာထူးကို တွယ်တာပေမယ့် နိုင်ငံကို ပိုချစ်မြတ်နိုးကြောင်း၊ အခုအချိန်ဟာ မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်း တာဝန်လွှဲရမယ့် အချိုးအကွေ့ဆိုတာ နားလည်ကြောင်း ဘိုင်ဒန်က ပြောကြားသွားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဖြစ်ခွင့်ရခဲ့တာဟာ ဘဝရဲ့ ဂုဏ်အယူရဆုံး မှတ်တိုင်တခု ဆိုပေမယ့်လည်း လောလောဆယ်မှာ ဒီမိုကရေစီကို ကာကွယ်ဖို့ ဆိုတာက ဘယ်လို ရာထူး ဂုဏ်ပုဒ်မျိုးထက်မဆို အရေးကြီးနေပြီ ဆိုတာကို နားလည်ကြောင်း၊ သူကတော့ အမေရိကန် ပြည်သူတွေအတွက် အလုပ်အကျွေး ပြုနေရမယ်ဆိုရင် အချိန်တိုင်းမှာ အားရှိပြီး ပျော်ရွှင်နေမှာဖြစ်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

သူ့ရဲ့ မိန့်ခွန်းထဲမှာ ဘိုင်ဒန်က ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို နာမည်တပ် ပြောမသွားခဲ့ပါဘူး။ အမေရိကန်ရဲ့ အကောင်းဆုံး ဂုဏ်ပုဒ်တခုက ဒီနိုင်ငံကို အာဏာရှင်တွေ၊ ဘုရင်တွေ အုပ်စိုးနေတာ မဟုတ်ဘဲ ပြည်သူတွေကသာ စီမံအုပ်ချုပ်နေတယ် ဆိုတာဖြစ်ကြောင်း၊ အမေရိကန်ရဲ့ သမိုင်းကြောင်းနဲ့ အမေရိကန်ရဲ့ အတွေးအခေါ်တွေဟာ ပြည်သူတွေရဲ့ လက်ထဲမှာပဲ ရွေးချယ်ပိုင်ခွင့် ရှိနေကြောင်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုသွားပါတယ်။

ဘိုင်ဒန်ဟာ အစောပိုင်းတုန်းက သူ့ရဲ့ အသက်အရွယ်၊ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှု အခြေအနေတွေကြောင့် ရွေးကောက်ပွဲဝင် ပါတီကိုယ်စားလှယ်လောင်း နေရာကနေ နုတ်ထွက်သင့်ပြီဆိုတဲ့ တောင်းဆိုမှုတွေကို အစဉ်တစိုက် ငြင်းဆိုနေခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ရွေးကောက်ပွဲမှာ ထရမ့်ကို နိုင်ခြေ မရှိကြောင်း ပိုမိုထင်ရှား မြင်သာလာတဲ့ နောက်မှာတော့ ဘိုင်ဒန်ဟာ ပါတီရဲ့ သဘောဆန္ဒအတိုင်း ရွေးကောက်ပွဲ ဆက်မဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အစောပိုင်းမှာ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိက ဘိုင်ဒန် ရွေးကောက်ပွဲ ဆက်မဝင်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဟာ သူ့ရဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် ဖြစ်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ပယ်ချခဲ့ပြီး သမ္မတဟာ နောက်ထပ် ၄ နှစ်သက်တမ်းကို ဘာပြဿနာမှာ မရှိဘဲ ဆက်လက် တာဝန်ယူနိုင်သေးတယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်။

ကိုးကား: CNN