မြန်မာစစ်တပ် လက်နက်ဝယ်ဖို့ ထိုင်းဘဏ်တွေ အကူအညီပေးမှုအပေါ် ထိုင်းဗဟိုဘဏ် စစ်ဆေးဖို့ စီစဉ်

ဇူလိုင်၊ ၂၅

မြန်မာ စစ်တပ်ရဲ့ လက်နက် ဝယ်ယူမှုတွေအတွက် ထိုင်းဘဏ်တွေက ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ ပေးခဲ့တယ်ဆိုတဲ့ ကိစ္စအပေါ် ထိုင်းဗဟိုဘဏ်က ထဲထဲဝင်ဝင် ကိုင်တွယ် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ထိုင်းဘဏ္ဍာရေး ဝန်ကြီးဌာနက ထိုင်းဗဟိုဘဏ်ဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးနဲ့ ပူးပေါင်းပြီး ထိုင်းဘဏ်တွေရဲ့ ငွေလွှဲပြောင်း ဝန်ဆောင်မှုတွေဟာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လက်နက် ဝယ်ယူမှုတွေနဲ့ ဆက်နွှယ် ပတ်သက်သလား ဆိုတာကို အနီးကပ် စောင့်ကြည့်သွားမယ်လို့ ဇူလိုင် ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာ စစ်တပ်ဟာ ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ဖို့ လိုအပ်တဲ့ စစ်လက်နက်တွေကို ထိုင်းကုမ္ပဏီတွေဆီက မှာယူတင်သွင်းခဲ့ပြီး အဲဒီ အရောင်းအဝယ် ကိစ္စတွေ အဆင်ပြေအောင် ထိုင်းဘဏ်တွေက ကြားဝင် ကူညီပေးခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားခဲ့ပါတယ်။

ထိုင်းဘဏ်တွေကတော့ သူတို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုနေတဲ့ ငွေကြေးလွှဲပြောင်းမှုတိုင်းကို စောင့်ကြည့်နိုင်စွမ်း မရှိတာကြောင့် စစ်လက်နက် ဝယ်ယူရေးအတွက် ဟုတ်မဟုတ် ဆိုတာကို ဆန်းစစ်ဖို့ မဖြစ်နိုင်ကြောင်း ခုခံ အကြောင်းပြထားပါတယ်။

အန်ဒရူးရဲ့ အစီရင်ခံစာအရ ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ မြန်မာစစ်တပ်ဟာ ထိုင်းမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ တချို့ဆီကနေ လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ ဒေါ်လာ သန်း ၁၃၀ နီးပါးစာလောက် ဝယ်ယူ တင်သွင်းခဲ့ပြီး ထိုင်းဘဏ် ၅ ခုဟာ အဲဒီအတွက် ငွေကြေး ပေးချေမှုတွေ အဆင်ပြေ ချောမွေ့အောင် ကူညီခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘာလန်ကူရာကတော့ အစိုးရနဲ့ စီးပွားရေး ဘဏ်တွေဟာ ငွေကြေး လွှဲပြောင်းမှုတွေနဲ့ မြန်မာစစ်တပ် လက်နက် ဝယ်ယူမှု ဆက်စပ်နိုင်ခြေတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတဲ့အပေါ် အကျေအလည် ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် ဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးတို့ ပူးပေါင်းပြီး ထိုင်းဘဏ်တွေရဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို စောင့်ကြည့်မယ့် လုပ်ငန်းစဉ် အဖွဲ့ (Task Force)တခု ထူထောင်ဖို့ သဘောတူထားတယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ စုံစမ်းစစ်ဆေးမှု မစ်ရှင်တွေအတွက် အချိန်ကာလ သတ်မှတ်ချက်တွေကိုတော့ သူက တိတိကျကျ မှတ်ချက် ပေးမသွားပါဘူး။

လေ့လာသူတွေကတော့ မြန်မာစစ်တပ်ဟာ အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့ရဲ့ တင်းကျပ်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ရင်ဆိုင်နေရတဲ့တိုင် ယိုပေါက်တွေကို ရှာဖွေရင်း လက်နက်နဲ့ လေယာဉ်ဆီလို အရမ်းအရေးကြီးတဲ့ ဗျူဟာမြောက် အရင်းအမြစ်တွေကို ဆက်လက် ဝယ်ယူတင်သွင်းနေနိုင်ဆဲလို့ ထောက်ပြထားကြပါတယ်။

Ref: AFP