ဇူလိုင်၊ ၂၄
ကမ္ဘာပေါ်မှာ ဩဇာအကြီးမားဆုံး ပတ်စ်ပို့တ်ပိုင်ရှင် နိုင်ငံတွေ စာရင်းမှာ စင်ကာပူဟာ ထိပ်ဆုံးနေရာကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။
နိုင်ငံအလိုက် ပတ်စ်ပို့တ်တွေရဲ့ ဩဇာကြီးမားမှု ဆိုတာဟာ ပတ်စ်ပို့တ်ကို ကိုင်ဆောင်ထားရင် ဗီဇာကင်းလွတ်ပြီး ဝင်ရောက်ခွင့်ရတဲ့ နိုင်ငံနဲ့ အုပ်ချုပ်ရေးနယ်မြေ အရေအတွက် များပြားမှုကို ယေဘုယျအားဖြင့် ဆိုလိုပါတယ်။
စင်ကာပူ ပတ်စ်ပို့တ်ဟာ အရင်ကလည်း အဲဒီစာရင်းရဲ့ ထိပ်ဆုံးနေရာကို ရောက်ခဲ့ဖူးသလို အခုအခါ ဥရောပ ပြိုင်ဘက်တွေကို ကျော်တက်ပြီး တကျော့ပြန် သရဖူ ဆောင်းခဲ့တာ ဖြစ်ပါတယ်။
စင်ကာပူ ပတ်စ်ပို့တ် ကိုင်ဆောင်ထားသူဟာ ကမ္ဘာ့နိုင်ငံနဲ့ အုပ်ချုပ်ရေးနယ်မြေ ၁၉၅ ခုကို ဗီဇာကင်းလွတ် သွားလာ လည်ပတ်ခွင့် ရမှာဖြစ်ပြီး ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်တို့လို ဥရောပ နိုင်ငံတွေနဲ့ အာရှ ဒေသတွင်း ဂျပန်တို့ထက် သာလွန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၅ နိုင်ငံရဲ့ ပတ်စ်ပို့တ်တွေ ဗီဇာကင်းလွတ် လည်ပတ်နိုင်တဲ့ နေရာပေါင်းက ၁၉၂ ခုစီ ရှိပါတယ်။
ဩစတြီးယား၊ ဖင်လန်၊ အိုင်ယာလန်၊ လူဇင်ဘက်ဂ်၊ နယ်သာလန်၊ တောင်ကိုရီးယား၊ ဆွီဒင်တို့လို နိုင်ငံတွေရဲ့ ပတ်စ်ပို့တ်တွေကတော့ လည်ပတ်နိုင်တဲ့ နေရာပေါင်း ၁၉၁ ခုစီနဲ့ ပူးတွဲ တတိယ ရပ်တည်နေတယ်လို့ Hanley ပတ်စ်ပို့တ် ညွှန်ကိန်း လေ့လာတွေ့ရှိချက် စာရင်းတွေအရ သိရပါတယ်။
ဗြိတိန် အခြေစိုက် သုတေသန ဌာနဟာ နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းရဲ့ အချက်အလက်တွေနဲ့ ပေါင်းစပ်ပြီး နိုင်ငံပေါင်း ၁၉၉ ခုရဲ့ ပတ်စ်ပို့တ်တွေက ကမ္ဘာ့အစိတ်အပိုင်း ၂၂၇ ခုကို သွားရောက်နိုင်တဲ့ အခြေအနေအပေါ် စာရင်းကောက်ယူ ပြုစုခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ပတ်စ်ပို့တ်ကတော့ မနှစ်ကထက် တစ်ဆင့်ကျသွားပြီး အဆင့် ၈ နေရာကို ရောက်နေသလို ဒါဟာ ၁၀ နှစ်တာ အတွင်း တက်ရိပ်ပြန်မပြတော့တဲ့ သက်တမ်းကို ချဲ့ထွင်လိုက်မှုလည်း ဖြစ်လာပါတယ်။
အာဖဂန် နစ္စတန် ပတ်စ်ပို့တ်ကတော့ ဗီဇာကင်းလွတ်ခွင့် ၂၆ နေရာစာသာ ရရှိထားပြီး ကမ္ဘာပေါ်မှာ အရှိန်အဝါ အနည်းဆုံး ပတ်စ်ပို့တ်အဖြစ် ဆက်လက် ရပ်တည်နေပါတယ်။
ကိုးကား Straits Times