လောက်ကိုင်ကို စစ်တပ်က ဗုံးထပ်ကြဲ၊ အရပ်သား သေဆုံးထိခိုက်မှုရှိ

Photo – Social Media

ဇူလိုင်၊ ၂၃ 

ကိုးကန့်တပ်(MNDAA)က ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က ဒီကနေ့ ဇူလိုင် ၂၃ ရက်၊ မနက် တနာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတွေလည်း ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“တုံချိန်အဝင်လေးပဲ(ကြဲတာ)၊ ကြဲတာပဲသိရတာ၊ ထိခိုက်မှုမသိရသေးဘူး” လို့ လောက်ကိုင်ဒေသခံတဦးက DNA ကို ပြောပါတယ်။ 

အဲလို ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး MNDAA တပ်ဖွဲ့ဝင်တဦးအ ပါအ ဝင် ဒဏ်ရာရတဲ့ သူ သုံးဦးကိုတော့ ဆေးရုံတင် ပို့ထားရတယ်လို့ ဒေသခံတွေကို ကိုးကားပြီး ရွှေဖီမြေသတင်းဌာနက ရေးသားဖော်ပြ ထားပါ တယ်။ 

ဗုံးကျရောက်ပေါက်ကွဲတဲ့နေရာအနီးဝန်းကျင်မှာ MNDAA ရဲ့ စခန်းငယ်တခုရှိတယ်လို့ လောက် ကိုင်ဒေသခံက DNAကိုပြောပေမယ့် သီးခြား အတည်မပြုနိုင်သလိုဘယ်လိုစခန်းဖြစ်တယ်ဆိုတာကိုလည်း အတိအကျမသိရပါဘူး။ 

BBC သတင်းဌာနကတော့ တုံချိန်ရပ်ကွက်မှာရှိတဲ့ စီကေစီ ဟိုတယ်အနောက် ဘက်ကို ဗုံးကျရောက် ပေါက်ကွဲခဲ့တာလို့ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကလည်း တုံချိန်ရပ် ကွက်ထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဟိုတယ်အဆောက် အအုံတွေ ထိခိုက်ပျက်ဆီးခဲ့တဲ့အပြင် အရပ်သားတ ဦး သေဆုံးခဲ့ပါသေးတယ်။ 

MNDAA ဘက်က တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုကြောင့်လို့ဆိုကာ ဇူလိုင် ၁၉ ရက်ကနေ ၃၁ ရက်နေ့အထိ ထိုးစစ်ဆင်တာ ရပ်ထားမယ်လို့ ထုတ်ပြန်ထားပေမယ့် လားရှိုးမြို့တွင်းနဲ့အနီးဝန်းကျင်မှာတိုက်ပွဲတွေဆက်ဖြစ်နေသလို 

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကိုလည်း စစ်ကောင်စီက အခုလို ဗုံးထပ်ကြဲခဲ့တာပါ။ 

စစ်ကောင်စီရဲ့ ရမခ တိုင်းစစ်ဌာချုပ်ရှိရာ လား ရှိုးမြို့ကို MNDAA က ဇူလိုင် ၃ရက်မှာစတင်ထိုး စစ်ဆင်ခဲ့တဲ့နောက် လောက်ကိုင်နဲ့ သိန္နီမြို့တွေလို MNDAA ထိန်းချုပ်ဒေသတွေကို စစ်ကောင်စီ ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး အရပ်သားဆယ်ဦးဝန်းကျင် သေဆုံးခဲ့ပါတယ်။

MNDAA ဘက်ကတော့ စစ်ကောင်စီတပ်နဲ့ တကျော့ပြန်တိုက်ပွဲတွေ စတင်တဲ့ ဇူလိုင် ၃ ရက်နေ့က စပြီး လေကြောင်းတိုက်ခိုက်မှုတွေ စိုးရိမ်ရတာကြောင့် လောက်ကိုင်မြို့က စာသင်ကျောင်းတွေအားလုံး ပိတ်ထားဖို့ ညွှန်ကြားထားခဲ့ပါတယ်။ 

ဒါ့အပြင် လောက်ကိုင်မြို့ခံတွေကိုလည်း စစ်ဘေးအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ MNDAA က သတိပေးထားသလို မြို့ခံတွေကလည်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာမယ်လို့ ကြိုတင်တွက်ဆထားကြတယ်လို့ဆိုပါတယ်။

“အများအားဖြင့်က‌လေးသူငယ်ရှိတဲ့သူနဲ့ သက်ကြီးရွယ်အိုရှိတဲ့သူ၊ ပြောင်းဖို့ဆင်ပြေတဲ့သူတွေတော့ နမ့်တစ်တို့၊ ဟိုပန်တို့မှာအခန်းငှားပြီးနေကြတယ်” လို့ လောက်ကိုင်ကနေ “ဝ”ဒေသဟိုပန်မှာ တိမ်းရှောင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်၊ ညနေပိုင်းကလည်း MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ဈေးထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်တွဲဖက်အတွင်းရေးမှူး အပါအဝင် အရပ်သား ခုနစ်ဦးထက်မနည်းသေဆုံးပြီး ၁၃ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။