ဇူလိုင်၊ ၂၃
ခရိုအေးရှား နိုင်ငံက သက်ကြီးစောင့်ရှောက်ရေး ဂေဟာတခုကို သေနတ်သမား တယောက်က စီးနင်း ပစ်ခတ်ခဲ့တာကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
အဲဒီဖြစ်စဉ် အပြီးမှာတော့ ဘော်လ်ကန် ဒေသထဲက နိုင်ငံမှာ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေတွေ ပိုမိုတင်းကျပ်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်လာပါတယ်။
ဇူလိုင် ၂၂ ရက်နေ့တုန်းက နိုင်ငံအရှေ့ပိုင်း၊ ဒါရူဗာမြို့ထဲက ပစ်ခတ်မှုမှာ ဂေဟာဝန်ထမ်း ၁ ဦးအပါအဝင် ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက် ၁ ယောက်ကတော့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာပါ။ ရဲတွေက ဒဏ်ရာရရှိသူတွေထဲက ၄ ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ ပြောကြားထားပါတယ်။
သေနတ်သမားဟာ ပစ်ခတ်မှုအပြီး ထွက်ပြေးသွားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကဖေးတခုမှာ သူ့ကို ရှာတွေ့ပြီး ဖမ်းမိခဲ့ပါတယ်။ သူဟာ လိုင်စင်မဲ့ သေနတ်တွေ ကိုင်ဆောင်ထားတာ စစ်ဆေး တွေ့ရှိခဲ့တယ်လို့လည်း ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ခရိုအေးရှား သမ္မတ ဇိုရန် မီလာနိုဗစ်က အခုဖြစ်စဉ်ကြောင့် တုန်လှုပ် ထိတ်လန့်မိကြောင်း ပြောကြားခဲ့သလို ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပိုမိုတင်းကျပ်ရေးကို တောင်းဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် အန်းဒရက်ဂျ် ပလန်ကိုဗစ်ကလည်း အခုကိစ္စကို လူစိတ်ကင်းမဲ့တဲ့ တိုက်ခိုက်မှုလို့ ဝေဖန် ရှုတ်ချခဲ့ပြီး ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။
အစုအပြုံလိုက် သတ်ဖြတ်မှုဆန်တဲ့ အဲဒီ တိုက်ခိုက်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ ရဲတွေက လောလောဆယ် ထုတ်ဖော် ပြောဆိုတာမျိုး မရှိသေးပါဘူး။ သေနတ်သမားရဲ့ မိခင်ဟာ အဲဒီ ဂေဟာမှာ ၁၀ နှစ်ကျော်လောက် နေထိုင်ခဲ့သူ တဦးလို့ သတင်းတွေက ဖော်ပြထားပေမယ့် အဲဒီကိစ္စနဲ့ ပစ်ခတ်မှုကြား ဆက်စပ်မှု ရှိမရှိ ဆိုတာကိုတော့ မသိရသေးပါဘူး။
အတည်မပြုနိုင်တဲ့ သတင်းတွေက သေနတ်သမားဟာ စစ်မှုထမ်းဟောင်း တဦးလို့ ဖော်ပြထားကြပါတယ်။ လူဦးရေ ၇၀၀၀ လောက်သာ နေထိုင်တဲ့ မြို့လေးမှာတာ့ အဲဒီသတင်းဟာ အတော်ကြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရပါတယ်။ အခင်းဖြစ်ချိန်တုန်းက ဂေဟာထဲမှာ လူ ၂၀ လောက် ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။
သာမန်အားဖြင့်တော့ ခရိုအေးရှားမှာ လူအများအပြား သေဆုံးတဲ့ ပစ်ခတ်မှုမျိုးက ရှားပါးတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ လွတ်လပ်ရေး ရလာတဲ့နောက်ပိုင်း ခရိုအေးရှားမှာ အခုဖြစ်ရပ်ဟာ အဆိုးဆုံး အစုလိုက် သေဆုံးစေတဲ့ ပစ်ခတ်မှုလည်း ဖြစ်လာခဲ့ပါတယ်။
Ref: BBC