ရေယာဉ်ချင်း တိုက်မိပြီးနောက် မောင်းပြေးသွားတဲ့ ရေနံတင် သင်္ဘောကို မလေးရှား ရှာဖွေ ဖမ်းဆီး

ဇူလိုင်၊ ၂၂

ရေယာဉ်ချင်း တိုက်မိမှုအပြီး မောင်းပြေးသွားတဲ့ ရေနံတင် သင်္ဘောကြီး တစီးကို မလေးရှား အာဏာပိုင်တွေက ခြေရာခံပြီး ဖမ်းဆီးခဲ့ပါတယ်။

Ceres I ရေနံတင် သင်္ဘောအပြင် နိုင်ငံအရှေ့ဖက် ကမ်းရိုးတန်းဆီ အဲဒီ ရေယာဉ်ကြီးကို ဆွဲယူပေးနေတဲ့ ဆွဲသင်္ဘောငယ် နှစ်စီးကိုပါ ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၁၉ ရက်နေ့က Cieres Iဟာ စင်ကာပူအလံ လွှင့်ထူထားတဲ့ Hafnia Nile ရေယာဉ်ကို ဝင်တိုက်ခဲ့ပြီး သင်္ဘော နှစ်စီးစလုံးမှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် Ceres Iဟာ ရေယာဉ် တည်နေရာပြ စနစ်ကို ပိတ်ပြီးတော့ မောင်းပြေးသွားခဲ့တာပါ။

အခုအခါမှာတော့ သင်္ဘောနှစ်စီးစလုံးရဲ့ ရေယာဉ်အမှုထမ်းတွေကို ကယ်ဆယ် ရွှေ့ပြောင်းထားနိုင်ပြီး ဖြစ်တယ်လို့ မလေးရှားက ထုတ်ပြန်ပါတယ်။ ရေယာဉ်ချင်း တိုက်မိခဲ့တဲ့နောက် Ceres Iဟာ ခွင့်ပြုချက် မရှိဘဲ အခင်းဖြစ်တဲ့ နေရာကနေ ထွက်ခွာသွားခဲ့သလို တည်နေရာပြ စနစ်ကိုပါ ပိတ်ထားခဲ့တယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်က ပြောပါတယ်။

အဲဒီနောက် Ceres Iကို ရေပြင်ရော၊ ဝေဟင်ကနေပါ ဖြန့်ကျက်ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။ ရေယာဉ်နှစ်စီးဟာ စင်ကာပူပိုင် ပီဒရာ ဘရန်ကာ ကျွန်းရဲ့ အရှေ့မြောက်ဖက် ၅၅ ကီလိုမီတာအကွာ မလေးရှား ကမ်းလွန်မှာ တိုက်မိခဲ့ကြတာ ဖြစ်ပါတယ်။

Ceres I မောင်းပြေးသွားတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ မလေးရှား ကမ်းခြေစောင့်တပ်ရဲ့ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး ဌာန အကြီးအကဲ ဇင်အက်ဇ်မန်း မိုဟာမက် ယူနွတ်စ်က အသေးစိတ် မှတ်ချက် မပေးသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့သာ ပြောပါတယ်။

Hafnia Nile သင်္ဘောဟာ မီးလောင်လွယ်တဲ့ Naphtha လောင်စာဆီတွေ သယ်ယူလာတာကြောင့်လည်း သင်္ဘောချင်း တိုက်မိတဲ့နောက် အပြင်းအထန် မီးကူးစက်ခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောချင်း တိုက်မိခဲ့တဲ့ အကြောင်းရင်းကို သဲသဲကွဲကွဲ မသိရသေးပါဘူး။ အဲဒီဖြစ်စဉ်အပြီး မလေးရှား ရေပိုင်နက်ထဲမှာ ၁၇ စတုရန်း ကီလိုမီတာ ကျယ်ဝန်းတဲ့ ရေနံယိုဖိတ်မှုတွေကို ထောက်လှမ်း တွေ့ရှိထားပါတယ်။

Ceres Iဟာ Supertankerအဆင့် သတ်မှတ်ခံထားရတဲ့ အကြီးစား ရေနံတင် သင်္ဘောကြီး တစ်စီးပါ။ အတည်မပြုနိုင်တဲ့ သတင်းတချို့ကတော့ အဲဒီ သင်္ဘောဟာ အရေးယူ ပိတ်ဆို့မှုဒဏ် ခံထားရတဲ့ နိုင်ငံတွေအတွက် ရေနံနဲ့ လောင်စာတွေ တရားမဝင် သယ်ယူပေးနေပြီး dark fleetလို့ သုံးနှုန်းခေါ်ဝေါ်တဲ့ ရေယာဉ် အစုအဖွဲ့မှာ ဆက်စပ် ပါဝင်ဖွယ် ရှိတယ်လို့ ဖော်ပြထားကြပါတယ်။

Ref: CNA