ဘိုင်ဒန်အစား ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်း ရွေးချယ်မှုမှာ အားလုံးအတွက် လမ်းဖွင့်ပေးထားဖို့ အိုဘားမားပြော

ဇူလိုင်၊ ၂၂

ရွေးကောက်ပွဲဝင်မယ့် အစီအစဉ်ကနေ သမ္မတ ဂျိုးဘိုင်ဒန် နုတ်ထွက်ခဲ့တဲ့နောက် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ယှဉ်ပြိုင်မှုဟာ သင့်တော်သူ အားလုံးအတွက် လမ်းဖွင့်ပေးထားရမယ်လို့ အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမားက ထုတ်ပြန်သွားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဘိုင်ဒန်ရဲ့ အသက်အရွယ်နဲ့ ကြံ့ခိုင်မှုအပေါ် ဒီမိုကရက် ပါတီဝင်တွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာပြီး သူ့ကို ရွေးကောက်ပွဲ ဆက်မဝင်ဖို့ ဖိအားပေး တောင်းဆိုမှုတွေ မြင့်တက်ခဲ့ပါတယ်။ ဇူလိုင် ၂၁ ရက် ညပိုင်းမှာတော့ ဘိုင်ဒန်က သူဟာ လက်ကျန် သမ္မတ သက်တမ်းကိုပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်ပြီး နောက်ထပ် ၄ နှစ်စာအတွက် ရွေးကောက်ပွဲ ဝင်တော့မှာ မဟုတ်ဘူးလို့ ကြေညာသွားခဲ့ပါတယ်။

ဒီအခြေအနေကြောင့် ဒီမိုကရက်တွေဟာ ပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် ပုဂ္ဂိုလ်အသစ် တယောက်ကို ရွေးချယ်ရတော့မှာဖြစ်ပြီး လောလောဆယ် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒါပေမဲ့ အိုဘားမားကတော့ ဟားရစ်ကို အတိအလင်း ထောက်ခံတာမျိုး မရှိဘဲ ပါတီရဲ့ သမ္မတလောင်းကို သတ်မှတ် လမ်းစဉ်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ရွေးချယ်ရမှာဖြစ်ကြောင်း၊ ယှဉ်ပြိုင်သူ အားလုံးအတွက် လမ်းဖွင့်ထားရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အိုဘားမားက လက်ရှိ အခြေအနေမှာ ရွေးကောက်ပွဲ ဆက်မဝင်တော့ဖို့ ဆုံးဖြတ်ရဲတဲ့ ဘိုင်ဒန်ကိုလည်း ချီးကျူးခဲ့ပြီး မှန်ကန် ပြတ်သားတဲ့ ရွေးချယ်မှု တခုကို လုပ်ဆောင်ခဲ့တာလို့ အသိအမှတ် ပြုသွားပါတယ်။ အိုဘားမားဟာ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီ ပလော့စီနဲ့အတူ ပူးပေါင်းပြီး ဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲဝင်မှုကနေ လက်လျှော့ရေး ကိစ္စကို အဓိက တွန်းအားပေးခဲ့သူ တဦးလို့ သတ်မှတ် ခံထားရပါတယ်။ အမေရိကန်မှာ အိုဘားမားက သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ကာလတွေအတွင်း ဘိုင်ဒန်ကို ဒုတိယ သမ္မတနေရာမှာ ခန့်အပ်ထားခဲ့ဖူးပါတယ်။

ဘိုင်ဒန် ကိုယ်တိုင်က ရွေးကောက်ပွဲ မဝင်တော့ဖို့ ဆုံးဖြတ်ချက်ကို ကြေညာချိန်မှာ သူ့ရဲ့ နေရာအတွက် ဟားရစ်ကို ဆက်ခံစေချင်တယ်လို့ အတည်ပြု ထောက်ခံသွားပေမယ့် အိုဘားမားနဲ့ ပလော့စီတို့ကတော့ ပိုပြီး ပွင့်လင်းမြင်သာရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အပြိုင်ရွေးချယ်တာမျိုးကို လိုလားနေကြဟန် ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ လက်ရှိ အခြေအနေအရတော့ ဟားရစ်ဟာ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်ကို စိန်ခေါ်မယ့် ဒီမိုကရက် သမ္မတလောင်း ဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစားနေသလို ပါတီအတွင်းပိုင်းမှာ စည်းရုံးရေး လှုူပ်ရှားမှုတွေကို ခပ်မြန်မြန် အစပြုနေပါပြီ။ သူ့ရဲ့ ထုတ်ပြန်ချက်မှာလည်း ဟားရစ်က ဦးစားပေး ရည်မှန်းချက်အဖြစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာမှာ ယုံကြည်အပ်နှင်း ခံရဖို့ အားထုတ်သွားမယ်လို့ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။

တကယ်လို့ ဟားရစ်ဟာ ဒီမိုကရက် ပါတီရဲ့ သမ္မတလောင်းအဖြစ် အမှန်တကယ် ခန့်အပ်ခံရမယ် ဆိုရင်တော့ အမေရိကန် နိုင်ငံ သမိုင်းမှာ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်ရတဲ့ ပထမဆုံး အာရှနွယ်ဖွား၊ ပထမဆုံး လူမည်း အမျိုးသမီး တဦးအဖြစ် မှတ်တမ်းရေးထိုးနိုင်မှာ ဖြစ်ပါတယ်။

Ref: Sky