ဘိုင်ဒန်ရဲ့ 9/11 နှစ်ပတ်လည် မိန့်ခွန်းမှာ ဒီမိုကရေစီကို ကာကွယ်ကြဖို့ တိုက်တွန်းသွား

Photo- PN

 

9/11 အကြမ်းဖက်မှုကြီး ကြုံတွေ့ခဲ့တဲ့ နှစ်ပတ်လည် မိန့်ခွန်းမှာ သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် နိုင်ငံသားတွေ အနေနဲ့ ဒီမိုကရေစီကို စည်းစည်းလုံးလုံး၊ ထက်ထက်သန်သန် ကာကွယ်ကြဖို့ တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

 

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှာ ကမ္ဘာ့ကုန်သွယ်မှုစင်တာ အမြွှာမျှော်စင်၊ ပင်တဂွန် စစ်ဌာနချုပ်တို့ အပါအဝင် အမေရိကန်ရဲ့ အရေးပါတဲ့ မဟာဗျူဟာ ပစ်မှတ်တွေကို အကြမ်းဖက်သမားတွေက အပိုင်စီးထားတဲ့ လေယာဉ်တွေနဲ့ ဝင်တိုက်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ သမိုင်းကြောင်းတလျှောက် အမေရိကန်မြေမှာ ကြုံတွေ့ဖူးသမျှ အဆိုးဆုံး အကြမ်းဖက် တိုက်ခိုက်မှု အနေနဲ့ မှတ်တမ်းဝင်ခဲ့ပြီး လူ ၃၀၀၀ နီးပါးလောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

 

အဲဒီနေ့၊ အဲဒီဖြစ်စဉ်တွေဟာ အမေရိကန်ရဲ့ ရပ်တည်မှု၊ ဖြတ်သန်းမှုတွေမှာ အချိုးအကွေ့ကြီး တစ်ခုအဖြစ် အပြောင်းအလဲတွေ ကြုံစေခဲ့ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။ အမေရိကန် အနေနဲ့ မပြောင်းလဲခဲ့တာက၊ ပြောင်းလဲလို့ လုံးဝ မရတာက ဒီနိုင်ငံဟာ အကြမ်းဖက်မှုတွေကြောင့် တုန်လှုပ်ပြီး အရှုံးပေးမှာ မဟုတ်ဘူးဆိုတဲ့ ရပ်တည်ချက်ဖြစ်ပြီး အနစ်နာခံမှု၊ ချစ်ခြင်းမေတ္တာ၊ သဒ္ဓါတရား၊ ဂုဏ်ကျက်သရေ၊ ခွန်အား၊ ကြံ့ကြံ့ခံမှုတွေနဲ့အတူ ရှေ့ဆက်မှာ ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

 

ဒါ့အပြင် 9/11 အကြမ်းဖက်မှုကြီးရဲ့ အဓိက ကြိုးကိုင် ညွှန်ကြားသူတွေဖြစ်တဲ့ အိုစမာ ဘင်လာဒင်နဲ့ အေမာ အယ်လ် ဇာဝါဟီရီတို့ကို ရေဆုံးရေဖျား လိုက်လံရှာဖွေ ရှင်းလင်းနိုင်ခဲ့တဲ့ အမေရိကန်ရဲ့ မဆုတ်မနစ် အားထုတ်မှု၊ ဇွဲသန်မှုတွေကိုလည်း ဘိုင်ဒန်က ချီးကျူး ဂုဏ်ပြုသွားပါတယ်။

 

ဒီနေ့ ကျင်းပတဲ့ အခမ်းအနားဟာ အတိတ်ကို လွမ်းဆွတ်နေဖို့ သက်သက် မဟုတ်ဘဲ အနာဂတ်ကိုလည်း မျှော်မှန်း ပြင်ဆင်ဖို့ လိုကြောင်း၊ အမေရိကန် ပြည်သူတိုင်းဟာ ဒီမိုကရေစီ အဓွန့်ရှည်အောင် ကြိုးစားထိန်းသိမ်းဖို့ ဝတ္တရား ရှိတယ် ဆိုတာကို အမြဲမပြတ် နှလုံးသွင်းထားရမှာဖြစ်ကြောင်း၊ 9/11 ဖြစ်စဉ်မှာ အကြမ်းဖက်သမားတွေက မီးလောင်တိုက်သွင်း ဖျက်ဆီးဖို့ ကြိုးစားခဲ့တဲ့ အမေရိကန် ဒီမိုကရေစီကို ထာဝစဉ် တည်တံ့အောင် အားထုတ်ကြရမှာဖြစ်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

 

အမေရိကန်ဟာ ပျက်စီးခဲ့သမျှကို ပြန်ပြင်ဆင် တည်ဆောက်နိုင်ခဲ့ကြောင်း၊ ဘယ်လို ခြိမ်းခြောက်မှုမျိုးနဲ့ ကြုံလာပါစေ အမေရိကန်ရဲ့ အခြေခိုင်မာတဲ့ စိတ်ဓာတ်ကောင်းဟာ ဘယ်တော့မှ ယိမ်းယိုင်သွားမှာ မဟုတ်ဘူးလို့လည်း သမ္မတက 9/11 နှစ်ပတ်လည် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။