တောင်ကုတ်မြို့မှာ စစ်ကောင်စီခံစစ်ပြင်

ဇူလိုင်၂၀

ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်တခုလုံးကို လက်လွတ်ရဖို့နီးစပ်နေတဲ့ စစ်ကောင်စီက နယ်မြေချင်းဆက်စပ်နေတဲ့ တောင်ကုတ်မြို့မှာ ခုခံစစ်ပြင်နေပါတယ်။

တောင်ကုတ်မြို့က သံတွဲမြို့မြောက်ဖက် မိုင်လေးဆယ်ကျော်အကွာမှာ တည်ရှိပြီး ပဲခူးတိုင်းနဲ့ကုန်းလမ်းအရ ချိတ်ဆက်ထားတဲ့အတွက် အရေးပါတဲ့မြို့တမြို့လည်းဖြစ်ပါတယ်။

သံတွဲမြို့ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ခဲ့ပြီးနောက်မှာတော့ စစ်ကောင်စီဖက်က တောင်ကုတ်မြို့ရဲ့ အရေးပါတဲ့နေရာတွေနဲ့ မြို့ဝန်းကျင်မှာတပ်စွဲနေရာယူထားပြီး ခံစစ်အသင့်ပြင်နေတယ်လို့ စစ်ရေး စောင့်ကြည့်သူတဦးကပြောပါတယ်။

တောင်ကုတ်မှာ စစ်ကောင်စီရဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အခြေစိုက်ပြီး ခြေမြန်တပ်ရင်း နှစ်ခုရှိပါတယ်။

ဒါ့အပြင်တောင်ကုတ်ရှိ စကခ(၅)ဌာနချုပ်ကို ဖြတ်တောက်ပိတ်ဆို့ထားတယ်လို့ AAကထုတ်ပြန်ထားပါတယ်။ AAက တောင်ကုတ်-သံတွဲလမ်းကိုထိန်းချုပ်ထားပြီး တောင်ကုတ်-ပန်းတောင် -ပြည်ကားလမ်းကြော ကိုလည်း စိုးမိုးထားနိုင်တယ်လို့လည်း အထက်ပါ စစ်ရေးစောင့် ကြည့်သူကဆိုပါတယ်။

AAက လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက်၀က်ကျော်(ကိုးမြို့)နဲ့ ချင်းတောင်ပိုင်းပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားပြီး ပြည်နယ်တခုလုံးထိန်းချုပ်သွားမယ်လို့ ကြေငြာထားပါတယ်။