စဉ့်ကူးမြို့အပါအဝင် တမြို့နယ်လုံးကစခန်းအားလုံးသိမ်းပိုက်နိုင်ပြီလို့ MDY-PDF အတည်ပြု

Photo – MDY PDF

ဇူလိုင် ၊ ၂၀

မန္တလေးတိုင်း၊စဉ့်ကူးမြို့အပါအဝင် တမြို့နယ်လုံးမှာရှိတဲ့စစ်ကောင်စီစခန်းတွေအားလုံးကို ဇူလိုင် ၁၇ရက်မှာ အ ပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီကနေ့ အတည်ပြုထုတ်ပြန် ပါ တယ်။

လက်ရှိ စဉ့်ကူးမြို့နယ်ဟာ စစ်ကောင်စီကင်းစင်တဲ့မြို့နယ်ဖြစ်လာသလို စဉ့်ကူးမြို့ဟာလည်း MDY-PDF အနေနဲ့ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းပိုက်နိုင်တဲ့မြို့အဖြစ် မှတ်တမ်းတင်နိုင်ပြီလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စဉ့်ကူးမြို့နယ်အတွင်းတိုက်ပွဲတွေကနေ သုံ့ပန်းနဲ့လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုထား ပေမယ့် အသေးစိတ်အချက်အလက်တွေတော့ဖော်ပြမထားပါဘူး။

တိုက်ပွဲတွေအတွင်း MDY-PDF ဘက်ကလည်း ထိုက်သင့်တဲ့ ပေးဆပ်မှုတွေရှိခဲ့ပြီး အသက်ပေးလှူခဲ့တဲ့ တပ်ဖွဲ့ဝင် တွေကို ဦးညွှတ်အလေးပြုတယ်လို့ဖော်ပြပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့  လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စဉ့်ကူးမြို့လုံး ကျွတ်နီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောထားသလို MDY-PDF ရဲ့အခုထုတ်ပြန်ချက်မှာလည်း မြို့နေ ဧရိယာအရပ်သားနေအိမ်တွေထိခိုက်ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ရက်မှာ TNLA၊MDY-PDF နဲ့ ပူးပေါင်းတပ်တွေဟာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ်မြို့ နယ်တွေ မှာ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် ထိုးစစ်တွေတပြိုင်တည်းစတင်ခဲ့ပြီး တလနီးပါးအတွင်း နောင်ချိုနဲ့ စဉ့်ကူးမြို့တွေကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းအတွင်းမှာတော့ မိုးကုတ်မြို့ ဧရိယာအများစုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားနိုင်ကာ စဉ့်ကူးမြို့ရဲ့ တောင်ဘက်က မတ္တရာမြို့ဟာလည်း ဝန်းရံပိတ်ဆို့ခံထားရပြီး မိုင်ဆယ်ဂဏန်းအကွာမှာရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့နဲ့ ထောက်ပံ့ဆက်သွယ်ရေးလမ်းကြောင်းဖြတ် တောက် ခံထားရပါတယ်။