ဗီယက်နမ်ရဲ့ သက်တော်ရှည် နိုင်ငံခေါင်းဆောင် ငုယမ် ဖူထရောင် ကွယ်လွန်

ဇူလိုင် ၊ ၂၀

ဗီယက်နမ် နိုင်ငံကို နှစ်ရှည်လများ ဦးဆောင်ခဲ့တဲ့ သက်တော်ရှည် ခေါင်းဆောင်ကြီး ငုယမ်ဖူထရောင်ဟာ အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ကာလအတန်ကြာ ကျန်းမာရေး ယိုယွင်း ဆုတ်ယုတ်မှုတွေ ဒဏ်ကို ခံစားခဲ့ရတဲ့နောက် ဖူထရန်ဟာ ဇူလိုင် ၁၉ ရက်နေ့က ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ ဗီယက်နမ် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ လူကြီးနာ စွဲကပ်ရာက ကွယ်လွန်ခဲ့တာလို့လည်း ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။ ဗီယက်နမ်အရေး စောင့်ကြည့်သူတွေကတော့ နိုင်ငံရေး ခေတ်တခုရဲ့ အဆုံးသတ်လို့ အခု ကွယ်လွန်မှုကို တင်စား သုံးနှုန်းခဲ့ကြပါတယ်။

ဖူထရောင်ဟာ အာဏာရ ကွန်မြူနစ် ပါတီရဲ့ အတွင်းရေးမှူးချုပ် (အကြီးအကဲ) ရာထူးကို ၂၀၁၁ ကတည်းက ရယူထားခဲ့တာ ဖြစ်ပါတယ်။ သူဟာ တကြိမ်မှာတော့ သမ္မတ တာဝန်ကိုပါ ပူးတွဲ ရယူခဲ့ပါတယ်။ ဗီယက်နမ်မှာ အာဏာရပါတီ အတွင်းရေးမှူးချုပ်ဟာ အမှန်တကယ် ဩဇာကြီးမားသူဖြစ်ပြီး သမ္မတ နေရာကတော့ နိုင်ငံတကာ ဆက်ဆံရေးအတွက် အဓိက လျာထားတဲ့ အဆောင်အယောင် ရာထူးဆန်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းမှာတော့ ဖူထရောင်ဟာ သူ့ရဲ့ ကျန်းမာရေးကို ပိုမို အာရုံစိုက်ဖို့အတွက် နိုင်ငံရေး နယ်ပယ်ကနေ နောက်ဆုတ်ခဲ့ပြီး သမ္မတ တိုလမ်ကို လုပ်ပိုင်ခွင့်တွေ အပ်နှင်းခဲ့ပါတယ်။

ဖူထရောင်ဟာ ဗီယက်နမ်နိုင်ငံရဲ့ သမိုင်းကြောင်း တလျှောက်မှာ ဩဇာအကြီးမားဆုံး ခေါင်းဆောင် တဦးအဖြစ်လည်း သတ်မှတ် ခံခဲ့ရပါတယ်။ သူဟာ ဗီယက်နမ်ရဲ့ စီးပွားရေး တဟုန်ထိုး တိုးတက်လာအောင် အဓိက ဦးဆောင်ခဲ့သလို အဂတိ တိုက်ဖျက်ရေး မူဝါဒတွေကို ခပ်ကြမ်းကြမ်း ဖော်ဆောင်မှု အတွက်လည်း လူသိများခဲ့ပါတယ်။

ကွန်မြူနစ် ပါတီအတွင်းပိုင်းမှာ ခေါင်းဆောင် နေရာတွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေချိန်နဲ့ တိုက်ဆိုင်ပြီး ဖူထရောင် ကွယ်လွန်ခဲ့တာပါ။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပါတီခေါင်းဆောင်ပိုင်းထဲက ၃ ဦးဟာ အမျိုးမျိုးသော ပြဿနာတွေကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ကြရပါတယ်။

Ref: BBC