Photo – MOI
ဇူလိုင်၊ ၂၀
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းနဲ့အတူ အစပြုလာတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းဟာ ပြေလည်ပြီးမြောက်မယ့် အရိပ်လက္ခဏာမျိုး လုံးဝ မမြင်ရသေးပါဘူး။ အာဏာသိမ်း စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO)တွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲတွေ ဆက်လက် ဆင်နွှဲနေပြီး အဆုံးသတ်ရလဒ်ကိုလည်း မှန်းဆလို့ မရနိုင်သေးပါဘူး။
ဒီကြားထဲ EAOတွေထဲမှာ အချင်းချင်း ရန်စောင် တိုက်ခိုက်မှုတွေ ရှိလာတဲ့အခါ အခြေအနေတွေက ပိုဆိုးလာပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ‘အော်ပရေးရှင်း ၁၀၂၇’ကို အကောင်အထည် ဖော်နိုင်ခဲ့တဲ့နောက်ပိုင်း စစ်တပ်က ထိန်းချုပ်ထားတဲ့ နယ်မြေတွေဟာ ဆက်တိုက် ဆုတ်ယုတ် လျော့နည်းလာနေခဲ့ပါတယ်။ အထူးသဖြင့် တရုတ်၊ ထိုင်း၊ အိန္ဒိယတို့နဲ့ ထိစပ်ရာ နယ်စပ်ဒေသတွေ အများအပြားကို စစ်တပ်က လက်လွှတ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၀ လတာအတွင်း EAOတွေဟာ တဖွဲ့ချင်းဖြစ်စေ၊ မဟာမိတ် လှုပ်ရှားမှုတွေ အနေနဲ့ဖြစ်စေ စစ်တပ်အပေါ်မှာ အောင်ပွဲတွေ ရယူနိုင်ခဲ့ပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့မှာ အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးကို ကျင်းပဖို့ စီစဉ်နေရာမှာ အာဆီယံ အဖွဲ့အစည်း အနေနဲ့ မြန်မာ့အရေးကို ဘယ်လို နည်းလမ်းမျိုး အသုံးပြုပြီး ချဉ်းကပ်ရမလဲဆိုတာ အရှိတရား ဆန်းစစ်မှုတွေရဲ့ ခက်ထန်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုဟာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းဖို့ အာဆီယံက သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် လမ်းကြောင်းအတိုင်း ရှေ့ဆက်ချင်တယ်။ တချို့သော အဖွဲ့ဝင် နိုင်ငံတွေကတော့ ထိရောက်မှု မရှိတဲ့ အဲဒီ နည်းလမ်းကို စွန့်ခွာပြီး ပိုပြီး ထိရောက်မယ့် အပြောင်းအလဲတွေကို ရွေးချယ်ဖို့၊ အနာဂတ်မှာ နိုင်ငံရေး အစုအဖွဲ့ အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ဆိုတာမျိုးတွေကို စဉ်းစားလာပါတယ်။
လာအိုဟာ လက်ရှိ၊ အရင်နဲ့ အနာဂတ် အာဆီယံ ဥက္ကဋ္ဌ သုံးနိုင်ငံကြား အလွတ်သဘော တွေ့ဆုံပြီး မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု အလားအလာတွေကို ဆန်းစစ်သုံးသပ်ဖို့ ဇူလိုင် ၂၄ ရက်မှာ စီစဉ်ထားပါတယ်။ ဒီသဘောတရားကို ၂၀၂၁ ခုနှစ်မှာ ထိုင်းက ပထမဆုံး အဆိုပြုခဲ့ဖူးပေမယ့် စုပေါင်း သဘောတူ ဆုံးဖြတ်နိုင်တဲ့ အဆင့်တော့ မရောက်ခဲ့ပါဘူး။ အခုနှစ်မှာတော့ ဥက္ကဋ္ဌ သုံးနိုင်ငံ သုံးပွင့်ဆိုင် ပေါင်းစည်း အလုပ်လုပ်မယ့် စိတ်ကူးဟာ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့တဲ့ ကဏ္ဍအပြီးမှာ တကျော့ပြန် ခေါင်းထောင်လာပါတယ်။
ပြဿနာကတော့ ထိုင်းအစိုးရ အဖွဲ့ထဲကနေ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်၊ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ပန်ပရီ ဘာဟစ်ဒါ ညူကူရာ ရုတ်တရက် နုတ်ထွက်သွားတဲ့နောက် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက အကောင်အထည်ဖော်မယ့် လူသားချင်း စာနာမှု အစီအမံတွေမှာ ထစ်ငေါ့မှုတွေ ပေါ်လာတော့တာပါပဲ။ ပန်ပရီ ဝန်ကြီးအဖြစ် ရှိနေချိန်တုန်းက ကိုယ်တိုင် ဦးဆောင်ခဲ့တဲ့ မြန်မာ့ အကျပ်အတည်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အထူးကော်မတီဟာ လောလောဆယ် ခေါင်းဆောင်သူ ကင်းမဲ့နေပါတယ်။
အလှည့်ကျ ဥက္ကဋ္ဌတွေ တွေ့ဆုံကြမည့် ဆွေးနွေးပွဲဟာ မြန်မာ့အရေးကို နိုင်ငံသုံးခုရဲ့ ခေါင်းဆောင်ပိုင်းက စဉ်ဆက်မပြတ် ချိတ်ဆက်မှုတွေ ရှိလာစေဖို့ အရေးပါတဲ့ စိတ်ကူးတခု ဖြစ်ပါလိမ့်မယ်။ ပြီးတော့ လက်ရှိ လာအိုရဲ့ ကိုင်တွယ်မှုတွေမှာ ဥက္ကဟောင်း အင်ဒိုနီးရှား၊ ဥက္ကဋ္ဌ နေရာဆက်ခံမယ့် မလေးရှားတို့ရဲ့ ပါဝင်နိုင်မှု အတိုင်းအတာနဲ့ ရှုထောင့်တွေကို ချဲ့ထွင်နိုင်မှာပါ။ မနှစ်တုန်းကဆိုရင် အင်ဒိုနီးရှားဟာ မြန်မာ့နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ အစုအဖွဲ့ အသီးသီးနဲ့ ဆွေးနွေးပွဲပေါင်း ၁၀၀ ကျော် လုပ်ဆောင်ခဲ့ပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဟာ အာဏာသိမ်းမှု နောက်ပိုင်း နေပြည်တော်မှာရှိတဲ့ စစ်ခေါင်းဆောင်တွေအပေါ် ဝေဖန်တဲ့ ရပ်တည်မှုမျိုး တောက်လျှောက် ဆုပ်ကိုင်ခဲ့ကြပါတယ်။ လာအိုနဲ့ ဆွေးနွေးကြမယ့် အချိန်ကျရင် အာဆီယံ ဥက္ကဋ္ဌ သုံးနိုင်ငံပဲ မြန်မာ့အရေး ပူးပေါင်း ဆွေးနွေးမှုကနေ တခြားအဖွဲ့ဝင် နိုင်ငံတချို့ပါ ပူးပေါင်း ပါဝင်နိုင်အောင် ချဲ့ထွင်ဖို့ အတွေးအမြင်ကို မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ဘယ်လို သဘောထား ရှိမလဲ ဆိုတာကိုပါ ကွဲကွဲပြားပြားသိမြင်လာနိုင်ပါလိမ့်မယ်။
လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ရေးနဲ့ ပတ်သက်ရင်တော့ ထိုင်းဟာ တခြား မိတ်ဖက် အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေ၊ အထူးသဖြင့် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး အထောက်အပံ့ပိုင်း တာဝန်ယူတဲ့ အေဂျင်စီတွေကိုပါ ပူးပေါင်း ပါဝင်စေလိုတဲ့ သဘောထား ရှိနေပါတယ်။ ဒီအတောအတွင်း ကုလသမဂ္ဂရဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်သစ် ဂျူလီ ဘိရှော့ဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကို လှည့်လည်သွားလာရင်း မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ ကြိုတင် သိနားလည်ထားသင့်တဲ့ အကြောင်းအရာ အချက်အလက်တွေကို စုစည်းနေခဲ့ပါတယ်။ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ချိန်မှာတော့ ဘိရှော့က သူ့အနေနဲ့ မြန်မာ့အရေး ကူညီကိုင်တွယ် ဖြေရှင်းပေးရာမှာ အတတ်နိုင်ဆုံး လူမြင်ကွင်းကနေ ရှောင်ပြီး သိုသိုသိပ်သိပ် လုပ်ဆောင်ဖို့၊ အာဆီယံရော၊ သက်ဆိုင်ရာ အစုအဖွဲ့ အားလုံးနဲ့ပါ လက်တွဲ အလုပ်လုပ်ဖို့ ဆန္ဒရှိကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီရာပွန်ဆာကို အသိပေး ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့အရေးကို ထိတွေ့ ဖြေရှင်းတဲ့ နေရာမှာ ထိုင်းဟာ အရေးပါတဲ့ အစုအဖွဲ့ တခုအဖြစ် သူလက်ခံထားဆဲလို့လည်း ဘိရှော့က ထပ်လောင်း ပြောဆိုသွားပါတယ်။
အာဆီယံ ဝန်ကြီးအဆင့် ညီလာခံ မတိုင်ခင် အတောအတွင်း မြန်မာ့အရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် ခံထားရသူ အာလွန်ကောင် ကစ်တီခွန်ဟာ အာဏာသိမ်း စစ်တပ်ဆီက ပိုပြီး ပျော့ပျောင်းတဲ့ သဘောထား ပြယုဂ်မျိုးတွေ မြင်သာလာအောင် ဖိဖိစီးစီး တိုက်တွန်းခဲ့ပါတယ်။ ဥပမာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ လူထုအပေါ် အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းဖို့၊ လူသားချင်း စာနာမှု ကူညီရေး အစီအမံတွေ ချဲ့ထွင်ဖို့ ဆိုတာမျိုးတွေပါ။ အဲဒီအပိုင်းမျိုးတွေမှာ ထင်ရှားမြင်သာတဲ့ တိုးတက်မှုတွေ မပြနိုင်ဘဲနဲ့ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ လာအိုဟာ မြန်မာစစ်တပ်က ခန့်အပ်တဲ့ ထိပ်တန်း နိုင်ငံရေး ကိုယ်စားလှယ် တစ်ယောက်ယောက်ကို အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်ရေး ဖိတ်ကြားဖို့ မဖြစ်နိုင်ပါဘူး။ ဇန်နဝါရီလတုန်းကတော့ လာအိုဟာ အမြဲတမ်း အတွင်းဝန်အဖြစ် ခန့်အပ်ခံထားရတဲ့ အရာရှိ တယောက်ကို ဖိတ်ကြားတာမျိုး ရှိခဲ့ဖူးပါတယ်။ ပြည်တွင်း ပြဿနာတွေကြောင့် မြန်မာဟာ ၂၀၂၆ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နေရာ ဆက်ခံရမယ့် အခြေအနေကနေလည်း ရုပ်သိမ်း ခံထားရပြီး ဖိလစ်ပိုင်က အစားထား တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ တချို့သော အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဟာ တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ပြည်ပအခြေစိုက် ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှု၊ ဆွေးနွေးမှုတွေကို တိုးမြှင့်လာနေပါတယ်။ ဒါဟာ အာဏာသိမ်း စစ်တပ်ကို ဖိအားပေးတဲ့ ပုံစံတခု ဆိုရင်လည်း မမှားပါဘူး။ တချို့က NUGကို အသိအမှတ် ပြုမယ်ဆိုတာမျိုး စစ်တပ်ကို သွယ်ဝိုက် ခြိမ်းခြောက်တာတွေ ရှိခဲ့တဲ့တိုင် လက်တွေ့အားဖြင့် ဘယ်အာဆီယံ အဖွဲ့ဝင် နိုင်ငံကမှ NUGရဲ့ တရားဝင် အစိုးရအဖြစ် ရပ်တည်မှုကို လက်ခံဖို့ အသင့် ဖြစ်မလာသေးပါဘူး။
ရှေ့ကို မျှော်ကြည့်မယ် ဆိုရင်တော့ ဘုံသဘောတူညီချက် ငါးရပ်ဆိုတာဟာ သက်ဆိုင်ရာ အစုအဖွဲ့ အားလုံး လေးစား လိုက်နာသင့်တဲ့ ထိရောက်တဲ့ မူဘောင် တခုအဖြစ် ရှိနေဆဲပါ။ အဲဒီ အစုအဖွဲ့တွေထဲမှာ အာဆီယံ နိုင်ငံအားလုံးအပြင် ဆွေးနွေးပွဲ မိတ်ဖက် နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့လည်း အကျုံးဝင်ပါတယ်။ တချိန်တည်းမှာပဲ အဲဒီ အင်အားကြီး နိုင်ငံတွေဟာ ကိုယ်ပိုင် သဘောထား မူဝါဒ အသီးသီးကို ဆုပ်ကိုင်ရင်း ကွဲပြားတဲ့ မြန်မာ့နိုင်ငံရေး အင်အားစုတွေကို ပုံစံမျိုးစိတ် ချိတ်ဆက် ဆွေးနွေးမှုတွေ ရှိလာတာကိုလည်း တွေ့ရပါတယ်။
မကြာသေးခင်ကတင် အမေရိကန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနခွဲမှူး ဒန်နီရယ်လ် ခရစ်တန်ဘရင့်ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ မြန်မာ စစ်တပ် ခန့်အပ်ထားတဲ့ ထိပ်တန်း အရာရှိ တချို့နဲ့ ဒုတိယအကြိမ် ဆွေးနွေးခဲ့ပါတယ်။ ဒီအချက်ကို ကြည့်ရင် အမေရိကန်ဟာ အာဏာသိမ်း စစ်တပ်နဲ့လည်း တွေ့ဆုံ စကားပြောဖို့ အထိုက်အလျောက် ဆန္ဒရှိတယ်ဆိုတာ မြင်သာစေခဲ့ပါတယ်။ ပထမအကြိမ် ဆွေးနွေးမှုတွေကိုတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ လေဆိပ် ဟိုတယ်တခုမှာ ပြုလုပ်ခဲ့ပြီး အဲဒီတုန်းက မြန်မာဖက်က ရာထူးပိုငယ်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ ၂၀၁၁ ကနေ ၂၀၂၁ ခုနှစ်ထိ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ခဲ့တဲ့ တိုတောင်းတဲ့ ကာလအတွင်း အမေရိကန်ဟာ မြန်မာနဲ့ သံတမန် ဆက်ဆံရေးကို ပုံမှန် အခြေအနေဆီ ပြန်လည် ထားရှိခဲ့ပါတယ်။ အခုတဖန် အာဏာသိမ်း စစ်တပ်နဲ့ ဆွေးနွေးမှုတချို့ ရှိလာတာကို ကြည့်ရင် အမေရိကန်ဟာ ဒေသတွင်းမှာ ခြေရှုပ်လာတဲ့ တခြား စူပါပါဝါ နိုင်ငံတွေရဲ့ လွှမ်းမိုးမှုကို ဟန်ချက်ပြန်ညှိဖို့ ကြိုးစားလိုဟန် ရှိနေတဲ့ သဘောပါပဲ။
တရုတ်နဲ့ အိန္ဒိယကတော့ မြန်မာစစ်တပ်ရော၊ နယ်စပ် အသီးသီးမှာ ရှိနေတဲ့ EAOတွေနဲ့ပါ ထိတွေ့ ဆက်ဆံမှုတွေကို ကာလရှည်ကြာ ထိန်းသိမ်း ထားခဲ့ပြီး ဖြစ်ပါတယ်။ ဇွန်လကုန်မှာ တရုတ်ဟာ မြန်မာ သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်ရဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ် ထူထောင်မှု နှစ် ၇၀ ပြည့် အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ လက်ရှိ အာဏာသိမ်း စစ်တပ်ရဲ့ ဒုတိယ အကြီးအကဲ စိုးဝင်းကလည်း ရှန်ဒေါင်းမှာရှိတဲ့ ဖွံ့ဖြိုးရေး စီမံကိန်း ဖိုရမ်တခု တက်ရောက်ဖို့ တရုတ်ကို ရောက်ရှိခဲ့ပြန်ပါတယ်။ မြန်မာနိုင်ငံ အရှေ့မြောက်ဖျား ဒေသတွေမှာ တိုက်ပွဲတွေ အရှိန်မြင့်နေတဲ့ ကာလအတွင်း မြန်မာစစ်တပ်နဲ့ ဆက်စပ်သူ နှစ်ယောက်ကို တရုတ်က ရှေ့ဆင့်နောက်ဆင့် ဖိတ်ကြား တွေ့ဆုံခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ နောင်တချိန် အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့ရဲ့ ဖိတ်ကြားခံ စာရင်းထဲ ပါဝင်လာတာမျိုးလည်း ရှိကောင်း ရှိနိုင်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (Bimstec) အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ တွေ့ဆုံခဲ့ကြတဲ့အခါ အိမ်ရှင်နိုင်ငံရဲ့ ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာဟာ မြန်မာစစ်တပ် ခန့်အပ်ထားတဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနဲ့ စကားပြောဖြစ်ခဲ့ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးအတွက် အိန္ဒိယက တတ်စွမ်းသမျှ ကူညီမယ် ဆိုတာကို ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ အိန္ဒိယဟာ ထိုင်းအစိုးရက ကမကထ ပြုခဲ့တဲ့ track 1.5 ဆွေးနွေးပွဲတွေကိုလည်း အထူးအားပေး ထောက်ခံခဲ့ပြီး အဲဒီ ဆွေးနွေးပွဲတွေဟာ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ နယ်စပ်ဒေသတွေက တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ၊ လက်နက် ကုန်သွယ် ရောင်းဝယ်မှုတွေ၊ စစ်ရှောင်အရေးတွေကို ဦးစားပေး ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ဒေလီက အစည်းအဝေးတွေရဲ့ သီးခြား အစီအစဉ်အဖြစ် အိန္ဒိယ၊ ထိုင်းနဲ့ မြန်မာစစ်တပ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ သီးသန့်တွေ့ဆုံပြီး အပြန်အလှန် အမြင်ဖလှယ်တာတွေ ရှိခဲ့ကြပါတယ်။
နောက်ပြီး အာဆီယံဟာ မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခမှာ ရုရှားရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့လည်း လေးလေးနက်နက် စောင့်ကြည့်နေပါတယ်။ မေ့မထားသင့်တာက ရုရှားဟာ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း နှစ်နှစ်ကာကာ ထောက်ခံတာမျိုး မဟုတ်ပါဘူး။ ပြောရရင် ဒီကိစ္စမှာ အပြင်လူ သဘောမျိုး ရပ်တည်နေဆဲပါ။ တစ်ဖက်မှာတော့ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲကြောင့် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ ကြုံတွေ့နေတဲ့ ရုရှားဟာ ကမ္ဘာ့တောင်ဖက်ခြမ်းမှာ သံတမန် ဆက်ဆံရေး နယ်ပယ်သစ်တွေကို အားဖြည့်နေပြီး အထူးသဖြင့် အရှေ့တောင်အာရှ ဇုန်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။
တကယ်ဆိုရင် အဲဒီလိုမျိုး အားကောင်းတဲ့ စေ့စပ်ဆွေးနွေးမှု မိတ်ဖက်တွေဟာ အာဏာသိမ်း စစ်တပ်ကို ဘုံသဘောတူညီချက် ရပ်နောက် ပီပီပြင်ပြင် လေးစားလိုက်နာအောင် ဖိအားပေးနိုင်စွမ်း ရှိနေပါတယ်။ အခုလို အရေးပါတဲ့ အချိုးအကွေ့ ကာလမှာ အင်အားကြီး နိုင်ငံတချို့ရဲ့ လှုပ်ရှားမှုတွေ၊ မူဝါဒတွေ၊ ဥပမာ သေစေနိုင်လောက်တာမျိုး မဟုတ်တဲ့ (လက်နက် မပါဝင်တဲ့) အကူအညီမျိုးတွေ ဆိုတာက အာဆီယံရဲ့ အလယ်အလတ် သဘောထားဆန်တဲ့ ငြိမ်းချမ်းရေး အားထုတ်မှုတွေအပေါ် ရိုက်ခတ်မှုတွေ ရှိစေနိုင်ပါတယ်။ တစ်ဖက်မှာလည်း မြန်မာ စစ်တပ်က အခုကိစ္စနဲ့ ဆက်စပ်နေတဲ့ အင်အားစုတွေကို တစ်ခုနဲ့တစ်ခု ရင်ဆိုင်တွေ့ပေးတာမျိုး ဖန်တီးပြီး အမြတ်ထုတ်လာတာမျိုး မရှိအောင် အာဆီယံက သတိကြီးကြီး ထားရပါမယ်။
ပထဝီဝင် နိုင်ငံရေး အရွေ့တွေအပေါ် မူတည်ပြီး အာဏာသိမ်း မြန်မာစစ်တပ်ဟာ လာအိုဦးဆောင်တဲ့ အာဆီယံရဲ့ အကြံပြုမှုတွေအပေါ် အပေါင်းလက္ခဏာဆန်ဆန် တုံ့ပြန်ရမယ့် အချိန်အခါ ရောက်နေပြီမှန်း အသိအမှတ်ပြုဖို့ လိုပါတယ်။ အာဆီယံ အဝန်းအဝိုင်းထဲမှာ မြန်မာစစ်တပ်အပေါ် သည်းခံနိုင်တဲ့ အတိုင်းအတာက ကုန်ဆုံးစ ပြုလာနေပါပြီ။ နောက်ပြီး နိုင်ငံစီးပွားရေးကလည်း နာရီနဲ့အမျှ ကျဆင်းလာနေတာ၊ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ လူထုရဲ့ ဒေါသတွေက တရိပ်ရိပ် မြင့်တက်လာတွေကို ကြည့်ရင် စစ်တပ်အတွက် အချိန် သိပ်မကျန်တော့ဘူးဆိုတာ မြင်သာပါတယ်။
အာဆီယံ အတွက်လည်း စွန့်စားရွေးချယ်ရမယ့် အခြေအနေတွေက များပြားလွန်းပါတယ်။ မြန်မာ့ ပြည်တွင်းရေး ပြဿနာကို နိုင်နိုင်နင်းနင်း ထိန်းကွပ်ပြီး ဖြေရှင်းမပေးနိုင်ဘူးဆိုရင် ပြင်ပ အင်အားစုတွေ ဝင်ရောက်လာပြီး တစ်ဆင့်ခံ အားပြိုင်ကြတဲ့ စစ်ပွဲ (proxy war)မျိုး ကစားပွဲတွေကို ဖန်တီးလာနိုင်ပါတယ်။ ဒါမျိုးက ကမ္ဘာကြီးရဲ့ တခြားအစိတ်အပိုင်းတွေမှာလည်း ကြုံနေနှင့်ပြီး ဖြစ်တာကြောင့် အဲဒီ အခြေအနေမျိုး ဖြစ်မလာအောင် အာဆီယံက အစွမ်းကုန် ကိုင်တွယ် တားဆီးရမှာ ဖြစ်ပါတယ်။
(Bangkok Post၏ Myanmar crisis hits ‘fatigue’ level ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)