ရွှေကုက္ကိုမှာ ပိတ်မိပြီး အဓမ္မ ခိုင်းစေခံနေရတဲ့ အိန္ဒိယ နိုင်ငံသား တဒါဇင်နီးပါးကို ကယ်ဆယ်

ဇူလိုင် ၊ ၂၀

မြန်မာနိုင်ငံက ဆိုက်ဘာ ငွေလိမ်ဂိုဏ်း တခုရဲ့ အဓမ္မ ခိုင်းစေမှုကို ခံနေရတဲ့ အိန္ဒိယနိုင်ငံသား တဒါဇင်နီးပါး ပြန်လည် လွတ်မြောက်လာပြီး မကြာခင် နေရပ်ကို ပြန်ခွင့်ရမယ်လို့ သိရပါတယ်။

အိန္ဒိယ မီဒီယာတွေက အဲဒီ ၁၁ ဦးဟာ ထိုင်းနဲ့နယ်စပ်၊ မြဝတီမြို့နားက ရွှေကုက္ကိုဒေသ အခြေစိုက် ဆိုက်ဘာ ငွေလိမ်ဂိုဏ်း တခုမှာ ဖမ်းဆီးထိန်းသိမ်းပြီး အဓမ္မ ခိုင်းစေတာ ခံခဲ့ရတာလို့ ဖော်ပြခဲ့ပါတယ်။ အိန္ဒိယ သံရုံးက အဲဒီ ၁၁ ယောက်ဟာ မြန်မာ အာဏာပိုင်တွေရဲ့ အကူအညီနဲ့ လွတ်မြောက်လာပြီး နေပ်ပြန်ခွင့်ရဖို့ စောင့်ဆိုင်းနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ဟာ မက်မောလောက်စရာ လုပ်ခမျိုး ရရှိမယ်ဆိုတဲ့ အလုပ်တွေနဲ့ ကမ်းလှမ်း ခံရတာကို ယုံစားမိရာက ရွှေကုက္ကိုမှာ ပိတ်မိခဲ့ကြတာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းကလည်း မြန်မာနိုင်ငံမှာ အလားတူ အခြေအနေနဲ့ ပိတ်မိနေခဲ့တဲ့ အိန္ဒိယ နိုင်ငံသား ၁၃ ဦးဟာ နေရပ်ပြန်ခွင့် ရဖို့ကိစ္စမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့ ကိစ္စကြောင့် အရှုပ်အထွေးတွေ ရင်ဆိုင်ခဲ့ရပါတယ်။

မြန်မာအပြင် ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေထဲက ငွေလိမ်ဂိုဏ်းတွေနဲ့ အွန်လိုင်း ကာစီနိုတွေမှာလည်း ပိတ်မိပြီး အဓမ္မ ခိုင်းစေ ခံနေရတဲ့ အိန္ဒိယ နိုင်ငံသားတွေ ရှိနေသေးပြီး အများစုဟာ တမီလ်နာဒူ ဒေသခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်တုန်းက အိန္ဒိယ နိုင်ငံသား ၄၅ ဦးကို မြန်မာ၊ ထိုင်း သံရုံးတွေနဲ့ ညှိနှိုင်းပြီး နယ်စပ်ကနေ ကယ်ထုတ်ရဖူးသလို အဲဒီနောက်ပိုင်း ရွှေကုက္ကိုကနေ လွတ်မြောက်လာတဲ့ အိန္ဒိယ နိုင်ငံသား အရေအတွက်ဟာ ၁၅၀ လောက်ထိ ရှိလာပါတယ်။

ရွှေကုက္ကိုဟာ မြန်မာနိုင်ငံရဲ့ ငွေလိမ်ဂိုဏ်းတွေ အထူထပ်ဆုံး အခြေစိုက်တဲ့ နေရာအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ရွှေကုက္ကိုမှာ ကာစီနိုတွေ၊ တရားမဝင် လောင်းကစားဝိုင်းတွေ၊ လူမှောင်ခိုဂိုဏ်းတွေ၊ ဖုန်းဆက်ပြီး ငွေလိမ်တဲ့ ဂိုဏ်းတွေလည်း အမြောက်အမြား ရှိနေပါတယ်။

၂၀၂၄ ခုနှစ် မေလတုန်းက ကမ္ဘောဒီးယား နိုင်ငံမှာရှိတဲ့ ခရစ္စတိုငွေကြေး လိမ်လည်မှုတွေနဲ့ ဖုန်းဆက် ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ရာ နယ်မြေ တခုကနေ အိန္ဒိယ နိုင်ငံသား ၃၆၀ လောက်ကို ကယ်ထုတ်ခဲ့ရဖူးပါတယ်။

Ref: Hindustan Times