မြန်မာ စစ်တပ်ရဲ့ လက်နက်ဝယ်ယူမှုတွေကို ထိုင်းဘဏ်တွေက သိသိကြီးနဲ့ ကူညီခဲ့တာ မဟုတ်ဘူးလို့ ထိုင်းအစိုးရပြော 

ဇူလိုင်၊ ၁၉

မြန်မာစစ်တပ်ရဲ့ လက်နက် ဝယ်ယူမှုတွေ ချောမွေ့အောင် ထိုင်းဘဏ်တွေက သိသိကြီးနဲ့ ကူညီခဲ့တာမျိုး လုံးဝ မရှိဘူးလို့ ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသွားပါတယ်။

မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက အာဏာသိမ်း မြန်မာစစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်ဖို့၊ ပြည်သူလူထုကို ဖိနှိပ်ဖို့အတွက် ရဟတ်ယာဉ်တွေ၊ လေယာဉ် အပိုပစ္စည်းတွေ အပါအဝင် စစ်လက်နက်နဲ့ အသုံးအဆောင်တွေကို ထိုင်းကုမ္ပဏီတွေဆီက ဝယ်ယူခဲ့ပြီး အဲဒီကိစ္စ အဆင်ပြေစေဖို့ ထိုင်းဘဏ်တွေက ငွေချေမှုနဲ့ တခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးခဲ့ကြောင်း သူ့ရဲ့ အစီရင်ခံစာထဲမှာ စွပ်စွဲ ဖော်ပြထားပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအတိုက်အခံ အမတ်တဦးဖြစ်တဲ့ ရန်ဆီမန်ရုမ်က အစိုးရကို မေးခွန်းထုတ်ခဲ့ရာမှာ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ရဲ့ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ် ပွန်ဆာက ဇူလိုင် ၁၈ ရက်နေ့မှာ ဖြေရှင်းချက် ပေးသွားခဲ့တာ ဖြစ်ပါတယ်။

သူက အင်ဒရူးရဲ့ အစီရင်ခံစာထဲမှာ ထိုင်းဘဏ်တွေဟာ အဲဒီ ဝန်ဆောင်မှုတွေက လက်နက်ဝယ်ယူရေးအတွက် ဆိုတာကို သိသိကြီးနဲ့ အကူအညီ ပေးခဲ့တယ်လို့ ဖော်ပြမထားကြောင်း ထောက်ပြခဲ့ပါတယ်။ အစောပိုင်းတုန်းက အခုကိစ္စကို သက်ဆိုင်ရာ ထိုင်းဘဏ်တွေနဲ့ အောက်လွှတ်တော် အမတ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ ထိုင်းဘဏ်တွေဖက်က ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းတွေကို တိတိကျကျ လိုက်နာခဲ့ကြောင်း တင်ပြပြီး ဖောက်သည်တွေရဲ့ ငွေကြေး လွှဲပြောင်းမှု နောက်ကွယ်က အကြောင်းရင်းတွေကို ထဲထဲဝင်ဝင် ထောက်လှမ်းဖို့တော့ သူတို့မှာ လုပ်ပိုင်ခွင့် မရှိဘူးလို့ တင်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ အင်ဒရူးရဲ့ အစီရင်ခံစာကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ဘဏ်တွေနဲ့ သီးခြားတွေ့ဆုံပြီး ငွေကြေးလွှဲပြောင်းမှုတွေရဲ့ နောက်ကွယ်က အခြေအနေ အကြောင်းတရားတွေကို ပိုမို တိတိကျကျ ဖော်ထုတ်သိရှိနိုင်ရေး လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ ဆွေးနွေးသွားမယ်လို့ ဝန်ကြီး မာရစ်က ပြောကြားသွားပါတယ်။

ဇူလိုင် ၁၁ ရက်နေ့တုန်းက ထိုင်းအောက်လွှတ်တော်ရဲ့ လုံခြုံရေး၊ နယ်စပ်ရေးရာနဲ့ အမျိုးသား မဟာဗျူဟာ ကော်မတီဟာ ထိုင်းဘဏ်တွေက မြန်မာ စစ်တပ်ကို သွယ်ဝိုက် ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု အစပြုခဲ့ပါတယ်။ အဲဒီကော်မတီကို ရန်ဆီမန်ကပဲ ဦးဆောင်နေခဲ့တာပါ။

မာရစ်က သူ့ရဲ့ ဝန်ကြီးဌာနဟာ အင်ဒရူးရဲ့ အစီရင်ခံစာပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဘဏ်တွေ၊ အေဂျင်စီတွေ၊ အစိုးရ ဌာနတွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်မှုတွေ ရှိနေပါတယ်လို့ ဖြေရှင်းသွားပါတယ်။ တချိန်တည်းမှာပဲ ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ချက်ရေး ရုံးတွေကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် ရည်ရွယ်တဲ့ လက်နက် ဝယ်ယူရေး ကိစ္စတွေကို ထောက်ပံ့အားပေးဖို့ မူဝါဒမျိုး လုံးဝ မရှိဘူးလို့ အတည်ပြုချက် ပေးထားပါတယ်။

မာရစ်က ထိုင်းအစိုးရဟာ အိမ်နီးချင်း နိုင်ငံရဲ့ ပြည်တွင်းရေး ပဋိပက္ခတွေကို ကူညီ ဖြေရှင်းပေးရာမှာ လူသားချင်း စာနာမှု အကူအညီတွေ ထောက်ပံ့ရေး ရှုထောင့်ကနေ အဓိက ချဉ်းကပ်ဖို့ ရည်ရွယ်ထားကြောင်း မာရစ်က ထပ်လောင်း ပြောကြားသွားပါတယ်။

ကိုးကား: Nation