အာဇာနည်နေ့က စခဲ့တဲ့ လက်နက်အခြေပြုနိုင်ငံရေး

ဇူလိုင်၊ ၁၉

“ဒီအတိုင်းသာဆိုရင် နောင်တိုင်းပြည် အနာဂတ်ကို မဲရုံတွေက မဆုံးဖြတ်ဘဲ လက်နက်နဲ့ စကားပြောကြတော့မှာ စိုးရိမ်မိတယ်”

လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ဆယ်နီးပါးအကြာက ဝါရင့်မြန်မာနိုင်ငံရေးသမားတဦးရဲ့ ထင်ရှားတဲ့မှတ်ချက်တခု ဖြစ်ပါ တယ်။

နောင်အခါ အာဇာနည်နေ့အဖြစ် သတ်မှတ်လိုက်ကြရတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်မှာ ဒေါက်တာဘမော်က လန်ဒန်တိုင်းမ်သတင်းစာကို အဲ့ဒီစကားပြောခဲ့တာပါ။

သူ့ရဲ့အဲ့ဒီမှတ်ချက်စကားဟာ လက်ရှိအချိန်အထိ မြန်မာနိုင်ငံရေးလောကအတွက် အကိုးအကား ပြုစရာစကား ဖြစ်နေသလို တနိုင်ငံလုံးအနှံ့ကျယ်ပြန့်လာတဲ့ မျက်မှောက်ပြည်တွင်းစစ်ပွဲတွေဖြစ်ပေါ်လာရတဲ့ အခင်းအ ကျင်းနဲ့လည်း ကိုက်ညီနေပါသေးတယ်။ 

လွန်ခဲ့တဲ့ ၇၇ နှစ်၊ အချိန်အားဖြင့် မနက် ၁၀ နာရီ၊ ၃၇ မိနစ်၊ ရန်ကုန်မြို့၊ ဝန်ကြီးများရုံးထဲကနေ သေနတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံရဲ့ ကံကြမ္မာအပေါ် ရိုက်ခတ်မှုတွေ ကြီးကြီးမားမားရှိခဲ့ပါတယ်။ 

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ အဲဒီအချိန်က နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါ အဝင် နိုင်ငံ့ခေါင်းဆောင် ရှစ်ဦးနဲ့ ကိုယ်ရံ့တော် တဦး၊ စုစုပေါင်း ကိုးဦး ပစ်ခတ်လုပ်ကြံခံခဲ့ရတာဖြစ်ပြီး အဲဒီနေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ထားခဲ့တာ ဒီကနေ့ဆို ၇၇ နှစ်အထိ ရှိပြီဖြစ်ပါတယ်။ 

အတိုက်အခံ နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဂဠုန်ဦးစောရဲ့ ကြိုးကိုင်မှုနဲ့ သေနတ်သမားတွေက ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို ပစ်ခတ်လုပ်ကြံခဲ့တာ၊ တနည်းအားဖြင့် နိုင်ငံရေး အယူအဆ၊ နိုင်ငံရေး ခံယူချက်တွေပေါ်မှာ အခြေခံပြီး ပေါ်လာတဲ့ ပြဿနာကို လက်နက်အားကိုးနဲ့ ဖြေရှင်းခဲ့တာ ပဲဖြစ်ပါ တယ်။ 

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးမရခင် အဲဒီကာလတွေ ကတည်းက နိုင်ငံရေးပြဿနာကို လက်နက်အားကိုးနဲ့ ဖြေရှင်းတဲ့ အလေ့အထပေါ်လာခဲ့ပြီး လက်ရှိအချိန်ထိလည်း အဲဒီအလေ့အထဟာ အမြစ်တွယ်နေဆဲပါ။ 

“ဗမာလက်ဝဲနိုင်ငံရေးသမားတွေက ဒုတိယကမ္ဘာစစ် စစ်ကာလကို ဖြတ်သန်းပြီးတော့ လွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်လာပြီးနောက်ပိုင်းမှာ နိုင်ငံရေးပြဿနာတွေကို လက်နက်နဲ့ ဖြေရှင်းတဲ့ဘက် ပိုပြီးတော့ အာသီသ ထက်သန်လာကြတယ်၊ ဒါကြောင့် ဗမာပြည်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ပိုမိုဖြစ်ထွန်းလာစရာ ရှိ တယ်လို့ ဒေါက်တာဘမော်က အကဲဖြတ်ခဲ့ပါတယ်”လို့ ဝါရင့်နိုင်ငံရေးအကဲခတ်တဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်က ပြောပါတယ်။ 

မြန်မာနိုင်ငံကို ဂျပန်အစိုးက အုပ်ချုပ်နေစဥ် နိုင်ငံတော် အဓိပတိဖြစ်ခဲ့သူ ဒေါက်တာဘမော်က မြန်မာ့နိုင်ငံရေး အနာဂတ်ကာလအခြေအနေကို အကဲဖြတ် ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဦးသန်းစိုးနိုင်က ပြန်ပြောင်းပြောပြ တာဖြစ်ပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရပြီးနောက်တရက်မှာထွက်တဲ့ လန်ဒန်တိုင်းမ် သ တင်းစာထဲက ဆောင်းပါးအတွက်အင်တာဗျူးမှာ ဒေါက်တာဘမော်က “မြန်မာလူငယ်တွေဟာ လက်နက်ကိုအ ရူးအမူးစွဲလမ်းသွားကြပြီ”လို့ပြောဆိုညည်းတွားခဲ့ပါတယ်။

“ဂျပန်ဆီက သူတို့(မြန်မာလူငယ်များ) ရခဲ့တာနှစ်ခုရှိတယ်၊ နိုင်ငံရေးမှာ နာမည်ကြီးဖို့ လူထုကို အသုံးချ၊ အာဏာ ရဖို့ လက်နက်ကို အသုံးချဆိုတာတွေပဲ”လို့လည်း ဒေါက်တာဘမော်ကပြောခဲ့ပါတယ်။

“အဲဒီအချိန်ကစပြီး ဒီအလေ့အထ ပေါ်လာခဲ့တာ ဒီကနေ့ အထိပါပဲ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က မှတ်ချက်ပြုပါတယ်။ 

၁၉၄၇ခုနှစ် လန်ဒန်တိုင်းမ် သတင်းစာ ဆောင်းပါးထဲက ဒေါက်တာဘမော်ရဲ့ မှတ်ချက်စကားကို မြန်မာစစ်တပ်က လည်း ကိုးကားဖော်ပြတဲ့အခါမျိုးတွေရှိပေမယ့် စစ်ခေါင်းဆောင်အဆက်ဆက်ဟာလည်း လက်နက်အားကိုး အာ ဏာဆုပ်ကိုင် တဲ့အလေ့အထကို မကျော်လွှားနိုင်သေးကြောင်း လက်ရှိအခင်းအကျင်းတွေကသက်သေပြနေပါ တယ်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာလွတ်လပ်ရေး ရရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ သုံးလခန့်အကြာမှာတော့ ဖဆပလ အစိုး ရကို ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ရဲ့ လက်နက်ကိုင် ပုန်ကန်မှုနဲ့အတူ ပြည်တွင်းစစ် စတင်ခဲ့ပါတယ်။ 

နိုင်ငံရေးဝါဒကွဲပြားရာကနေ ၁၉၄၈ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က စလို့ ဦးနု ဦးဆောင်တဲ့ ဖဆပလ အစိုးရကို ဗမာ ပြည်ကွန်မြူနစ်ပါတီက ပဲခူးတိုင်းမှာ အခြေပြုပြီး လက်နက်ကိုင် စတင်တိုက်ခိုက်ပါတော့တယ်။ 

အဲဒါနဲ့ တဆက်တည်းမှာပဲ တန်းတူရေးအတွက် လှုပ်ရှားတဲ့ တိုင်းရင်းသားတော်လှန်ရေးလှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာခဲ့ပြီး မြန်မာပြည်အနှံ့ လက်နက်ကိုင်တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာခဲ့တာပါ။ 

ဒါပေမယ့် ပြည်တွင်းစစ်မီး အနည်းငယ် ငြိမ်ခါစ ၁၉၆၂ ခုနှစ် ရောက်ပြန်တော့လည်း ဖက်ဒရယ်အရေးကို လက် မခံနိုင်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းက ဦးဆောင်ပြီး အရပ်သားအစိုးရဆီကနေ မြန်မာစစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းယူလိုက်ပြန်ပါတော့တယ်။ 

အဲဒီနောက်မှာတော့ နိုင်ငံအနှံ့ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေ၊ တိုင်းရင်းသားတော်လှန် ရေး အင်အားစုနဲ့ ဖြစ်တဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့မကြိုးစားတော့ဘဲ လက်နက်အားကိုးနဲ့ ဖိနှိပ်ဖို့ကို ပဲစစ်တပ်က ကြိုးပမ်းခဲ့ပါတယ်။ 

“လက်နက်ရှိတဲ့သူက ဘာလုပ်လုပ် ရတယ်၊ နိုင်ငံရေးရော၊ စီးပွားရေးရော၊ စစ်ရေးရော ဘက်စုံက လုပ်လို့ရ တယ်ဆိုတဲ့ အမြင်က အုပ်စိုးခွင့်ရနေတဲ့ စစ်တပ်အသိုင်းအဝိုင်းထဲမှာ လွှမ်းမိုးနေတဲ့ အခါကျတော့ သူတို့က ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အဓိကမထားဘဲနဲ့ လက်နက်နဲ့ပဲ ဖြေရှင်းတဲ့ သမိုင်းဟာ နှစ် ခုနစ်ဆယ် ကျော်ပါပြီ” လို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။ 

၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းပြီး ၁၉၇၄ ခုနှစ်မှာ တပါတီအာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်လာတဲ့ စစ် အာဏာရှင်တွေဟာ ၁၉၈၈ ခုနှစ်အရောက်မှာတော့ နိုင်ငံအနှံ့ ပေါ်ပေါက်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်း ဖို့ဆိုကာ လက်နက်အားကိုးနဲ့ပဲ တိုင်းပြည်အာဏာကို ပြန်လည်သိမ်းယူလိုက်ပြန်ပါတယ်။ 

အဲဒီနောက်မှာလည်း စစ်တပ်ကပဲ လက်နက်အားကိုးနဲ့ တိုင်းပြည်အာဏာကို ချုပ်ကိုင်လာခဲ့ပြီး နှစ်ပေါင်း နှစ်ဆယ်ကျော်အကြာ ၂၀၁၀ ခုနှစ် အရောက်မှာတော့ စစ်တပ်သြဇာခံ အရပ်သားအစိုးရကို အာဏာပြန် လွှဲပါတယ်။ 

အဲဒီ ၂၀၁၀ မှာ တက်လာတဲ့ ဦးသိန်းစိန် အစိုးရနဲ့ ၂၀၁၅ မှာ တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ဒီချုပ်) အစိုးရတွေလက်ထက်မှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး ခေါင်းစ ဥ်တွေအောက်ကနေ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ 

ဒါပေမယ့် မြန်မာအစိုးရ၊ အထူးသဖြင့် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကြား နိုင်ငံ ရေးပဋိပက္ခကြောင့် ပေါ်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ အဲဒီ ကြိုးပမ်းမှုတွေဟာလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က လက်နက်အားကိုးပြီး အာဏာ သိမ်းလိုက်တာကြောင့် အလုံးစုံ ပျက်သုဥ်းသွားခဲ့ရပြန်ပါတယ်။

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေဆဲကာလမှာပဲ အာဏာသိမ်းလိုက်တဲ့ အခါကျ တော့ ပြည်တွင်းစစ်မီးကို ပိုပြီးတော့ လောင်စာထည့်ပေးလိုက်သလိုပဲ၊ အာဏာသိမ်းလိုက်တဲ့အတွက် အခုလို တိုင်းပြည်ရဲ့ ကံကြမ္မာ တော်တော်လေး ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့တာ” လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအ ရေး လှုပ်ရှားမှု သပိတ်ကော်မတီရဲ့ ကော်မတီဝင် ကိုမင်းလွင်ဦးကသူ့အမြင်ကို ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီချုပ်အစိုးရလက်ထက် ၂၀၁၅ နဲ့ ၂၀၂၀ ကြား ကာလတွေအတွင်းမှာလည်း တိုင်းရင်သားလက်နက်ကိုင်တပ်တွေနဲ့ မြန်မာစစ်တပ်ကြား အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကြိုးပမ်းမှု တွေမှာလည်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် လုပ်ငန်းစဥ်တွေ ကြန့်ကြာခဲ့ရတာရှိပါတယ်။ 

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့မှာ ကျင်းပတဲ့ စတုတ္တအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံမှာဆိုရင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာ တိုင်းရင်းသားအင်အားစုတွေက မရိုးသားကြဘူးလို့ စွပ်စွဲပြောကြားခဲ့ပါတယ်။ 

“၁၉၅၀ ပြည့်နှစ်လောက်က အတွေးအခေါ် အယူအဆတွေနဲ့ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက် လက်မောင်းနှင်လိုတဲ့ သဘောထားတွေဟာ မရိုးဖြောင့်ဘူးလို့ပဲ ကျွန်တော်တို့ ပြောလိုပါတယ်။ အဲဒီခေတ်က ခေတ် စားခဲ့တဲ့ စကားနဲ့ပဲ ပြန်ပြောရရင် ဆိတ်ခေါင်း ချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားပါနဲ့လို့ ကျွန်တော် ဆိုချင်ပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညီလာခံ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

၂၀၂၁ ခုနစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးမှာ စစ်တပ်ကို စွန့်ခွာပြီး CDM လှုပ်ရှားမှုမှာ ပူးပေါင်းလာတဲ့ ဗိုလ်ကြီး လင်းထက်အောင်ကတော့ စစ်တပ်ခေါင်းဆောင်အများစုဟာ လက်နက်အင်အားကိုသာ အယုံအကြည်ရှိလို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆန္ဒမရှိကြဘူးလို့ သူ့အမြင်ကို ပြောပါတယ်။ 

“သူတို့မှာက လူထုကို လက်နက်နဲ့ ခြောက်ရင်ရမယ်၊ နိုင်ငံရေးသမားကို လက်နက်နဲ့ ခြောက်ရင် ရမယ်ဆိုတဲ့ အတွေးအမြင်က သူတို့မှာရှိနေတယ်၊ ဒီခံယူချက်တွေကလည်း သူတို့ အချင်းချင်းကြားထဲမှာ တဦးနဲ့တဦး ရိုက်သွင်းထားတာပဲ၊ နောက်ပြီးတော့ သူတို့ကို အံတုနိုင်တဲ့ အစွမ်းအစမျိုး လူထုမှာမရှိဘူးလို့ သူတို့သတ်မှတ် ထားတာပေါ့နော်၊ အခုတခေါက်အာဏာသိမ်းမှုက ထိုနည်းလည်းကောင်းပဲ” လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ဆိုပါတယ်။ 

အင်္ဂလိပ်ကိုလိုနီခေတ်နှောင်းပိုင်းမှာ အရှေ့တောင်အာရှနိုင်ငံတွေကြား အချမ်းသာဆုံး နိုင်ငံတနိုင်ငံဖြစ်ခဲ့တဲ့ မြန် မာနိုင်ငံဟာ နှစ်ခုနှစ်ဆယ်ကျော်ကြာတဲ့အထိ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းနိုင် သေး တာကြောင့် စီးပွားရေး နလန်မထူနိုင်ဘဲ လက်ရှိအချိန်ထိ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများစာရင်းထဲမှာ ထည့် သွင်းခံ ထားရဆဲဖြစ်ပါတယ်။ 

“ဒီကနေ့ဆိုရင် အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ ကျွန်တော်တို့ နိုင်ငံလောက်ပဲ ဖွံ့ဖြိုးမှုနောက်ကျပြီး ပြိုလဲမယ့် အနေအထားအထိ ရောက်နေတာကို ကြည့်လို့ရှိရင် ဒီဖြေရှင်းနည်းတွေက အဆင်မပြေဘူးဆိုတာ နားလည် နိုင်ပါတယ်” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။ 

ဒါပေမယ့် တိုင်းရင်းသားအဖွဲ့အစည်းတွေအပါအဝင် လက်ရှိ မြန်မာနိုင်ငံရဲ့ ပဋိပက္ခမှာ ပါဝင်နေတဲ့ တော်လှန် ရေးအင်အားစုတွေကတော့ မြန်မာစစ်တပ်နဲ့ နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းဖို့ကို အယုံအကြည် မရှိကြတဲ့ အခြေ အနေ ရောက်နေပါတယ်။ 

“စစ်ကောင်စီက တိုင်းရင်းသားပြည်သူတွေအပေါ် လက်နက်နဲ့ ဖိနှိပ်ပြီး ဖြေရှင်းတာကို ရှင်းပစ်နိုင်အောင်ကြိုး စားနေတဲ့ လှုပ်ရှားမှုတွေ ပေါ်နေပါတယ်၊ အဲဒီလှုပ်ရှားမှုတွေ အောင်ပွဲရပြီး စစ်ကောင်စီနဲ့ စစ်တပ်ကို နိုင်ငံရေး ထဲကနေ ရှင်းထုတ်နိုင်မှ ဒီအစဥ်အလာကို ​ဖျက်သိမ်းလို့ရမယ့် အနေအထားတခုကို ရောက်နေတယ်” လို့လည်း ဦးသန်းစိုးနိုင်က သူ့အမြင်ကို ပြောပါတယ်။ 

ဒါပေမယ့် မြန်မာနိုင်ငံမှာ လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ်ပြုတ်ကျပြီး တော်လှန်ရေး အလွန် ကာလမှာလည်း နိုင်ငံရေးပြဿနာတွေကို လက်နက်အင်အားနဲ့ ဖြေရှင်းတာတွေ ကြုံလာမှာကို စိုးရိမ်မှုတွေ လည်း ရှိနေပါတယ်။ 

“စစ်တပ်ပြုတ်ကျသွားတော့မှ နိုင်ငံရေးသဘောတူညီမှုတွေကို ဆက်လုပ်မယ်ဆိုလို့ရှိရင် လက်နက်တွေကိုယ်စီနဲ့ တပ်ရင်းတပ်ဖွဲ့တွေ ကိုယ်စီနဲ့ စားပွဲဝိုင်းပေါ်ကို ရောက်လာကြပြီဆိုရင် ရရင်ရ မရရင်ချဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်ပြီး တော့ နိုင်ငံရေးအရ ကွဲလွဲတဲ့အခါမှာ တကျော့ပြန်တိုက်ပွဲက ပြန်ဖြစ်လာနိုင်တာမျိုးရှိတယ်” လို့လည်း ကိုမင်းလွင်ဦးက သူ့စိုးရိမ်ချက်ကို ပြောပြပါတယ်။ 

လက်ရှိမှာ တိုင်းရင်းသားဒေသအများစုအပါအဝင် တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့ ဒေသတချို့ဟာ စစ်ကောင်စီအာဏာစက်ထဲကလွတ်မြောက်ဖို့ လက်နက်နဲ့တော်လှန်တိုက်ခိုက်ရယူကာ လွတ်မြောက်နယ်မြေ တွေဖြစ်လာနေကြပါတယ်။

အဲ့ဒီလွတ်မြောက်နယ်မြေတွေမှာလည်း အခြေအနေအရ နိုင်ငံရေးက ရှေ့ရောက်မလာနိုင်သေးပါဘူး ။စစ်ကောင် စီပြုတ်ကျသွားတဲ့အခါ ဒါမှမဟုတ် လက်ရှိအခြေအနေတွေပြောင်းလဲသွားတဲ့အခါ ဒီဒေသတွေရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမယ်ဆိုတာလည်း တိတိကျကျပြောနိုင်ဖို့ခက်ခဲနေပါသေးတယ်။ 

လက်ရှိကာလတွေအတွင်းမှာပဲ စစ်ကောင်စီတပ် ကင်းစင်သွားပြီးဖြစ်တဲ့ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မြောက် ပိုင်းက နေရာတချို့အပါအဝင် နိုင်ငံတဝှမ်းက ဒေသတချို့မှာ တိုင်းရင်းသားအင်အားစုတွေ၊ တော်လှန်ရေး အင် အားစုတွေ အချင်းချင်းကြား ပဋိပက္ခတွေရှိနေပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြတဲ့အထိ ရှိလာ နေ ပါတယ်။ 

ဒါ့အပြင် ဒေသအခြေချ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံအရပ်သားတွေကြား ပဋိပက္ခအခြေ အနေတွေလည်းရှိနေပါသေးတယ်။

“လက်နက်ကိုင်အင်အားစုတွေ အားကောင်းတာက ပြဿနာမဟုတ်ဘူး၊ တကယ့်ပြဿနာက လက်နက်ကိုင် အင် အားစုအချင်းချင်းကြားမှာ ခိုင်မာတဲ့ နိုင်ငံရေးသဘောတူညီမှုတွေ ရှိမနေတာက ပြဿနာလို့ကျွန်တော်ကတော့ မြင်တယ်” လို့လည်း ကိုမင်းလွင်ဦးက ထောက်ပြပါတယ်။  

ဒါ့အပြင် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာတဲ့ နိုင်ငံရေးယဥ်ကျေးမှုတရပ် ထွန်းကားလာ အောင် ကြိုးပမ်းကြဖို့ အရေးကြီးတယ်လို့ ယူဆကြောင်းလည်း သူက ဆက်ပြောပါတယ်။

လွတ်လပ်ရေးနဲ့ အတူ ပေါက်ဖွားလာတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို လက်နက်နဲ့ ဖြေရှင်းဖို့ ကြိုးပမ်း လာခဲ့ တာ  နှစ် ခုနစ်ဆယ်ကျော်ကြာတဲ့အထိ ကောင်းမွန်တဲ့ ရလဒ်မထွက်လာသေးပေမယ့် လက်ရှိအချိန်ထိတော့ လက်နက်နဲ့ ဖြေရှင်းတဲ့ နည်းလမ်းက မြန်မာနိုင်ငံမှာ အမြစ်တွယ်နေဆဲဖြစ်ပါတယ်။ 

လက်ရှိနွေဦးတော်လှန်ရေးကာလအလွန်မှာ ဒီအခြေအနေကိုပြောင်းလဲရပ်တန့်ပစ်နိုင်ဖို့ဆိုရင် တော်လှန်ရေး အင် အားစုတွေအားလုံးကြား နိုင်ငံရေးအရ ခိုင်မာတဲ့သဘောတူညီမှုတွေ လုပ်ထားနိုင်ဖို့လိုတယ်ဆိုတဲ့ ရှုမြင် သုံးသပ်ချက်နဲ့ တိုက်တွန်းမှုတွေလည်း ကျယ်ကျယ်လောင်လောင်ရှိနေပါတယ်။

နွေဦးတော်လှန်ရေးမှာ ပါဝင်ရုန်းကန်တော်လှန်နေတဲ့ လူငယ်မျိုးဆက်တွေထဲက တဦးဖြစ်တဲ့ ကိုမင်းလွင်ဦးမှာ လည်း အဲ့ဒီအမြင်မျိုးရှိနေပါတယ်။

“အခုကတည်းက စစ်အာဏာရှင်ကို တော်လှန်ရင်းနဲ့ Nation Building ကို ဘယ်လိုတည် ဆောက်ကြ မလဲဆို တာမျိုး ခိုင်မာတဲ့ သဘောတူညီချက်တွေ၊ ခိုင်မာတဲ့ ပဋိဉာဥ်တွေ ရှိထားတယ်ဆိုလို့ရှိရင်တော့ အကောင်း ဆုံး ဖြစ်တယ်”လို့သူကပြောပါတယ်။