မိုးကုတ်မြို့အရှေ့ပိုင်းနယ်မြေသုံးပုံတပုံကိုTNLA သိမ်းပိုက်နိုင်၊ တိုက်ပွဲကြောင့် တရက်တည်းအရပ်သား ကိုးဦး သေဆုံး

Photo – TNLA

ဇူလိုင်၊ ၁၈

စစ်ကောင်စီနဲ့ တအာင်းတပ် TNLA ပူးပေါင်းတပ်တွေတိုက်ပွဲဆက်ဖြစ်နေတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းက ပတ္တမြား စေတီစခန်း၊ရေကန်တောင်စခန်းနဲ့ တာဝါတိုင်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီလို့ TNLA က အခုညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပတ္တမြားစေတီစခန်းဟာ မိုးကုတ်အင်းအနီးမှာရှိတာဖြစ်ပြီး ဒီကနေ့ထုတ်ပြန်ချက်အရ TNLA ပူးပေါင်းတပ်တွေဟာ မိုးကုတ်အရှေ့ပိုင်း နယ်မြေ သုံးပုံတပုံလောက်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့သဘောဖြစ်ပါတယ်။

အထက်ပါစခန်းသုံးခုနဲ့အတူ လက်နက်ခဲယမ်းတချို့လည်းရရှိတယ်လို့ ထုတ်ပြန်မှာဖော်ပြထားပြီး ပူးတွဲပါဓာတ်ပုံ မှာတော့ သေနတ်သုံးလက်နဲ့ ၆၀မမ လက်နက်ကြီးတလက်၊ခဲယမ်းတချို့ပါဝင်တာတွေ့ရပါတယ်။

ကျောက်မဲမြို့နယ်မှာလည်း ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့ ခမရ ၅၀၁၊၅၀၂ တို့က တပ်ပြင်ပကို ထိုးစစ်ဆင်လာတာကြောင့် တပ်စခန်းအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့သလို ကျောက်မဲ တိုးဂိတ်အနီးမှာလည်း စစ် ကောင်စီဘက်က စစ်ကူဖြည့်တင်းလာတဲ့တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ ကျောက်မဲမြို့နယ် ကျွဲကုန်းရွာအနီးတဝိုက်ကို Y-12နဲ့ ဗုံး ၄၈လုံးကြဲချခဲ့သလို နောင်ချိုမြို့နယ် ဘန့်ဘွေးမှာရှိတဲ့စစ်ကောင်စီတပ်က သဲခေါ်ရွာဘက်ကို ဒရုန်းနဲ့ဗုံး ၁၈လုံး၊ဂျက်ဖိုက်တာနဲ့ခြောက်ကြိမ်လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်မဲမြို့မြေပြင်တိုက်ပွဲအခြေအနေသိရှိသူတွေကတော့ စစ်ကောင်စီဟာ ရှမ်းတောင်ဘက်ကနေ စေလွှတ် လိုက်တဲ့ စစ်ကူတပ်တွေနဲ့ TNLA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်နေပြီး စစ်ကူတပ်တွေ သတ်ကွင်းထဲရောက် နေ တာကြောင့် လေကြောင်း၊လက်နက်ကြီးပစ်ကူပေးနေရတယ်လို့ ဆိုပါတယ်။

TNLA၊MNDAA နဲ့ မဟာမိတ်တပ်တွေက ရှမ်းမြောက်မှာ ဇူလိုင် ၁၄ရက်ညကနေ ၁၈ရက်ညအထိ တဖက်သတ် အပစ်ရပ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပေမယ့် အဲ့ဒီလေးရက်လုံး ဒီကနေ့အထိ တိုက်ပွဲတွေဆက်ဖြစ်နေတာ ဖြစ်ပါတယ်။

TNLA ကတော့ တအာင်းတပ်လှုပ်ရှားနယ်မြေတွေမှာ တဖက်သတ်အပစ်ရပ်ဖို့ကြေညာထားတဲ့ လေးရက်အတွင်း စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၈ဦးသေဆုံးပြီး ၁၉ဦးဒဏ်ရာရ တယ်လို့ ဖော်ပြပါတယ်။

ဒီကနေ့ မိုးကုတ်မြို့အရှေ့ပိုင်းတိုက်ပွဲတွေအတွင်း ကုန်းမြင့်သာယာ၊မင်းတံတားရပ်၊ဖောင်တော်ဦးဘုရား ၊ဟက် ဖလားရပ်နဲ့ မြို့မရပ်ကွက်တို့မှာ စစ်ကောင်စီရဲ့လက်နက်ကြီးကျရောက်မှုကြောင့် မယ်သီလရှင်သုံးပါးအပါအဝင် အရပ်သားကိုးဦးသေဆုံးကာ ဆယ်ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

အလားတူ မနေ့ကလည်း မိုးကုတ်ညောင်လေးပင်မှာ လက်နက်ကြီးကျလို့ အမျိုးသားနှစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရခဲ့ကာ ဇူလိုင် ၁၆ရက်ကတော့ ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ မိုးကုတ်အနောက်ပိုင်း ကျပ်ပြင် ဘက်ကို စစ်ကောင်စီက အတွဲလိုက်ဒုန်းတွေပစ်ခတ်တာကြောင့် အရပ်သားနှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာ ရခဲ့ပါတယ်။

နောက်ထပ်သေဆုံးထိခိုက်တဲ့ အရပ်သားတွေကတော့ ကျောက်မဲနဲ့ လားရှိုး ဒေသခံတွေဖြစ်တယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။