Photo – ABN (ပုံစာ – သံတွဲမြို့အတွင်းပိတ်မိနေသူတွေကိုAAကယ်ထုတ်လာစဥ်)
ဇူလိုင်၊ ၁၇
ရခိုင်ပြည်နယ် သံတွဲမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်၊ ထိန်းချုပ်လိုက်ပြီး မြို့တွင်း ပိတ်မိနေခဲ့သူတွေနဲ့ အကျဉ်းသားတွေကို ကယ်ထုတ်နေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။
သံတွဲမြို့တွင်း အရပ်သားတွေနဲ့ အကျဉ်းသားတွေကို ဓါးစာခံလုပ်ကာ အထိုင်ချနေခဲ့တဲ့ စစ်ကောင်စီတပ်သားတွေ တပ်ဆုပ်ပြေးသွားခဲ့ပြီးနောက် AA က ဇူလိုင်လ ၁၆ရက်မနေ့ကထိန်းချုပ်လိုက်တာလို့ ဆိုပါတယ်။
“စစ်သားတွေ တယောက်မှ မကျန်တော့ဘူး၊ ပြေးကုန်ပြီ၊ မြို့ထဲမှာ တိုက်ပွဲမဖြစ်ဘဲ သိမ်းလိုက်နိုင်တာ၊ အခု ပြည်သူတွေကို ကယ်ထုတ်ပြီးတော့ ရှင်လင်းရေးတွေလုပ်နေတယ်”လို့ စစ်ရေးနီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်က DNA ကို ပြောပါတယ်။
မြို့တွင်းမှ စစ်ကောင်စီတပ်သားတွေ ထွက်ခွာသွားပြီးနောက် သံတွဲအကျဉ်း ထောင်ထဲ ကျန်နေခဲ့တဲ့ အကျဉ်းသားတရာနီးပါးဟာလည်း ပြန်လွှတ်လာခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“နှစ်ကြီးသမားတွေနဲ့ နိုင်ငံရေးမှုတွေကို တော့ စစ်တပ်က ဓါးစာခံလုပ်ပြီး ခေါ်သွားတယ်၊ ကွင်းဝိုင်း(သဗြုချိုင်)ရေ တပ်မှာ ပို့ထားတယ် ကြားတယ်”လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
မြို့ထဲမှ စွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ သံတွဲမြို့နဲ့ ဆယ်မိုင်၀န်းကျင်အကွာ သံတွဲ – သဗြုချိုင်ရေတပ်သွားလမ်းရှိ ဇလွန်ဘုန်း ကြီးကျောင်းမှာ စခန်းသစ်ချနေကြတယ်လို့ ဆိုပါတယ်။
သံတွဲမြို့နယ်အတွင်းက အခြေစိုက်တပ်ရင်းဌာနချုပ်နှစ်ခုနဲ့ သံတွဲမြို့တို့ကို လက်လွှတ်လိုက်ရပြီဖြစ်တဲ့ စစ်ကောင် စီတပ်ဟာ မြို့ပေါ်နဲ့ အနီးဝန်းကျင်တွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“တရက်မှာ သုံးလေးခါ လာကြဲတယ်၊ တောက်လျောက်ကြဲနေတာ ဂျက်ဖိုက်တာနဲ့”လို့ သံတွဲမြို့အနီးမှာ နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက် နက်ကြီးပစ်ခတ်တာ၊ မြို့ထဲပိတ်မိပြီး အစာရေစာငတ်ပြတ်တာတို့ကြောင့် ခုရက်ပိုင်းအတွင်း သံတွဲမြို့ထဲမှာ သေ ဆုံးရသူဟာလည်း ခုနှစ်ဦးထက်မနည်းရှိပြီလို့ စစ်ရှောင်အရေးကူညီပေးနေသူတဦးက ပြောပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်(AA)ဟာ သံတွဲမြို့၊ ငပလီ အခြေစိုက်တပ်ရင်းနှစ်ခု၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းရှိရာ မြို့နယ်မြောက်ပိုင်းတို့အပါအ၀င် မြို့နယ်တခုလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။
သံတွဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်က သဗြုချိုင်ရေတပ်စခန်း၊ ဂျိတ်တောရွာစခန်းနဲ့ စခန်းသစ်ချထားတဲ့ ဇလွန်စခန်းတို့သာ ကျန်တော့ပြီး အဲဒီစခန်းတွေ သိမ်းပိုက်ပြီးရင်တော့ မြို့နယ်တခုလုံး AA ထိန်း ချုပ်မှုအောက် ရောက်သွားတော့မှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက်၀က်ကျော်(ကိုးမြို့)ကို သိမ်းပိုက်ထားပြီး ပြည်နယ်တခုလုံးထိန်းချုပ်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ သံတွဲအပြင် မောင်တောမြို့ကိုပါ အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေကာ အမ်းအခြေစိုက်တပ်စခန်း၊ တပ်ရင်းတွေကိုပါ တိုက်ခိုက်နေပါတယ်။
ဒါ့အပြင် သံတွဲမြို့နယ်နဲ့ ကပ်ရပ်၊ ဧရာ၀တီတိုင်းအစပ် ဂွမြို့နယ်မှာလည်း စစ်ရေးပြင်ဆင်မှုတွေ လုပ်နေကာ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ မကြာခဏ ရှိနေပါတယ်။