ပါတီညီလာခံမှာ ပြိုင်ဘက်ဟောင်းတွေရဲ့ ချီးကျူး ထောက်ခံမှုကို ရခဲ့တဲ့ ထရမ့်

ဇူလိုင် ၊ ၁၇

လုပ်ကြံသတ်ဖြတ်ဖို့ အားထုတ်မှု တခုနဲ့ ကြုံခဲ့တဲ့ ဒေါ်နယ်လ်ထရမ့်ကို သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း ပြိုင်ဘက်ဟောင်းတွေက ထောက်ခံရပ်တည်ပေးပြီး ညီညွတ်မှုကို ပြသသွားခဲ့ပါတယ်။

ဝစ္စကွန်ဆင် ပြည်နယ်ထဲက မီဝေါ်ကီမြို့မှာ လက်ရှိ ကျင်းပနေတဲ့ ရီပတ်ဘလစ်ကန် ပြည်လုံးကျွတ် ညီလာခံ (RNC)မှာ ထရမ့်နဲ့အပြိုင် ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ဝင်ခွင့်ရရေး အားထုတ်ခဲ့ဖူးတဲ့ နစ်ကီဟေလီ၊ ရွန်ဒီဆန်းတစ်၊ ဗီဗက်ခ် ရာမက်စ်ဝါမီတို့က ရွေးကောက်ပွဲမှာ ထရမ့်ကို အပြည့်အဝ ထောက်ခံသွားမယ်လို့ အသီးသီး ကတိပြု ပြောကြားသွားခဲ့ပါတယ်။

RNCမှာ မိန့်ခွန်းပြောတဲ့အခါ ဟေလီက သူ့အနေနဲ့ သဘောထား မှတ်ချက်ကို ရှင်းရှင်းလင်းလင်း ကြေညာချင်ကြောင်း၊ အခုကစလို့ ထရမ့်ဟာ သူအားပေး ထောက်ခံမယ့် တဦးတည်းသော သမ္မတလောင်းဖြစ်ကြောင်း ဟေလီက ဆိုပါတယ်။ ဟေလီဟာ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းက ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသလို ပါတီကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ထရမ့်ကို အချိန်အကြာဆုံး စိန်ခေါ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဟေလီက ပါတီတွင်း ညီညွတ်မှုကို ပြသတဲ့ အနေနဲ့ RNCမှာ မိန့်ခွန်းပြောပေးဖို့ သူ့ကို ထရမ့်ကိုယ်တိုင်က တောင်းဆိုခဲ့တာလို့လည်း ထည့်သွင်း ပြောကြားသွားပါတယ်။ နိုင်ငံရဲ့ ကောင်းကျိုးကို ဦးထိပ်ထားတဲ့ အနေနဲ့ အားလုံးဟာ ထရမ့်နဲ့အတူ ရပ်တည်ပေးဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။

မေလတုန်းက ဟေလီဟာ ရွေးကောက်ပွဲကျရင် ထရမ့်ကို မဲပေးပါ့မယ်လို့ ပြောခဲ့ပေမယ့် ဇူလိုင် ၁၆ ရက် မိန့်ခွန်းကတော့ ပြိုင်ဘက်ဟောင်းနဲ့ ပတ်သက်လို့ သူ့ရဲ့ တရားဝင် ထောက်ခံမှုကို ကြေညာလိုက်တဲ့ အဓိပ္ပါယ် ဖြစ်လာပါတယ်။ ထရမ့်ကလည်း ဟေလီရဲ့ မိန့်ခွန်းအဆုံးမှာ မတ်တပ်ရပ်ပြီး လက်ခုပ်တီး ဩဘာပေးခဲ့ပါတယ်။

ထရမ့်နဲ့အပြိုင် ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာကို ချိန်ရွယ်ခဲ့ဖူးသူ ဒီဆန်းတစ်နဲ့ ရာမက်စ်ဝါမီတို့ကလည်း ဟေလီနဲ့ တူညီတဲ့ သဘောထား မှတ်ချက်မျိုး အသီးသီး ပေးခဲ့သလို ကြောက်မက်ဖွယ်ရာ အတွေ့အကြုံဆိုးကြီးကနေ ရဲရဲဝံ့ဝံ့ ရှေ့ဆက်ခဲ့တဲ့ ထရမ့်ကိုလည်း ချီးကျူးစကား ဆိုခဲ့ကြပါတယ်။

ဟေလီက စင်မြင့်ပေါ် တက်လာတဲ့ အချိန်မှာ ထရမ့်ရဲ့ ဘက်တော်သား တချို့က သူ့ကို လှောင်ပြောင် အော်ဟစ်ခဲ့ပေမယ့် မိန့်ခွန်းအဆုံးမှာတော့ ဆူဆူညံညံ အားပေးသံတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ဒီဆန်းတစ်ကတော့ ဟေလီထက် နွေးထွေးတဲ့ ပရိသတ် ကြိုဆိုမှုကို ရရှိခဲ့တာကို တွေ့ရပါတယ်။ သူကလည်း လက်ရှိ ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်တဲ့ ထရမ့်ရဲ့ နောက်ကနေ အစုအဖွဲ့အားလုံး မားမားမတ်မတ် ရပ်တည် ထောက်ခံဖို့လိုကြောင်း၊ ထရမ့် ကျဆုံးတာ၊ တနည်းအားဖြင့် အမေရိကန် ကျဆုံးတာမျိုး မဖြစ်အောင် အစွမ်းကုန် ကာကွယ်ကြရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

သူက ထရမ့်ရဲ့ ရွေးကောက်ပွဲပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အသက်အရွယ် ကြီးရင့်မှုကိုလည်း လှောင်ပြောင်သွားပါတယ်။ အမေရိကန် ပြည်သူတွေဟာ နိုင်ငံကို ၂၄ နာရီမပြတ် အာရုံစိုက် ခေါင်းဆောင်ပေးနိုင်မယ့် သမ္မတမျိုးကို လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။

ထရမ့်ကိုယ်တိုင်ကတော့ လက်ရှိ အချိန်ထိ RNCမှာ မိန့်ခွန်းမပြောသေးဘဲ ညီလာခံ ပိတ်သိမ်းခါနီးမှသာ တနိုင်ငံလုံးဆီ လိပ်မူတဲ့ မိန့်ခွန်းမျိုး ပြောလာဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Ref: CNN