မိန်းကလေး တဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပြီး ဝက်ဝံကောင်ရေ ရာဂဏန်းလောက်ကို ရှင်းလင်းဖို့ ရိုမေးနီးယား ဆုံးဖြတ်

ဇူလိုင်၊ ၁၆

မိန်းကလေးငယ်တဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပြီး ပြည်တွင်းမှာ ဝက်ဝံကောင်ရေ ရာဂဏန်းလောက်ကို ရွေးနုတ် သုတ်သင် ဖျက်ဆီးသွားမယ်လို့ ရိုမေးနီးယားက အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

လွှတ်တော်ရဲ့ မဲခွဲ အတည်ပြုမှုအရ အခုနှစ်အတွင်း ဝက်ဝံညို ကောင်ရေ ၅၀၀ နီးပါးလောက်ကို ရွေးချယ် ဖျက်ဆီးသွားမယ်လို့ သိရပါတယ်။ ရိုမေးနီးယားမှာ အလေ့ကျ ရှင်သန် ကျက်စားနေတဲ့ ဝက်ဝံညို ၈၀၀၀ လောက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ခြေလျင်တောင်တက် အားကစားမယ် မိန်းကလေးငယ် တဦးဟာ ရိုမေးနီးယားရဲ့ နာမည်ကျော် ကာပေသီယန် တောင်တန်းဒေသမှာ လမ်းလျှောက်နေရင်း ဝက်ဝံတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဟာ ရိုမေးနီးယား ပြည်သူတွေကြားမှာ ဒေါသတကြီး ဝေဖန်စရာတွေ ပေါ်ပေါက်လာစေတာကြောင့် ဝန်ကြီးချုပ် မာဆယ်လို ဆီယိုလာကူက လွှတ်တော်မှာ အဲဒီအခြေအနေကို ထိထိရောက်ရောက် တုံ့ပြန်​ ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ရိုမေးနီးယား လွှတ်တော်မှာ အတည်ပြု ဆုံးဖြတ်ချက်အရ ၂၀၂၄ မကုန်ခင် တောဝက်ဝံရိုင်း ၄၈၁ ကောင်ကို ရွေးနုတ် သုတ်သင် ဖျက်ဆီးပစ်မယ်လို့ သိရပါတယ်။ ဒါဟာ မနှစ်တုန်းက ကောင်ရေ ၂၂၀ လောက်ကို ဖျက်ဆီးခဲ့တာထက် နှစ်ဆ ပိုများမယ့် အရေအတွက်ပါ။

တစ်ဖက်မှာတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတွေ၊ တိရစ္ဆာန် အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက လွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေကို အပြင်းအထန် ရှုတ်ချခဲ့ပြီး ပြဿနာအတွက် ဘာဖြေရှင်းမှုမှာ အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူးလို့ ဝေဖန်ထားပါတယ်။

ရိုမေးနီးယားဟာ ရုရှားပြီးရင် ဥရောပ တတိုက်လုံးမှာ ဝက်ဝံကောင်ရေ အများဆုံး ရှိနေတဲ့ နိုင်ငံပါ။ ၂၀၂၃ ခုနှစ်တုန်းက လူတွေနဲ့ ဝက်ဝံတွေ အန္တရာယ် ရှိလောက်အောင် နီးကပ်တဲ့ ဖြစ်စဉ်တွေကြောင့် အရေးပေါ် ဖုန်းခေါ်ဆို တိုင်ကြားမှုပေါင်း ၇၅၀၀ လောက် ရှိခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂၀ အတွင်း ရိုမေးနီးယားမှာ ဝက်ဝံတိုက်ခိုက်မှုကြောင့် လူ ၂၆ ဦး သေဆုံးပြီး ၂၇၄ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။

Ref: Guardian