အငြင်းပွားမှုတွေ ရှိနေတဲ့ ဒစ်ဂျစ်တယ်ငွေကြေး ဖြန့်ဝေရေး အစီအစဉ်အတွက် ထိုင်းအစိုးရ အရှိန်တင်

ဇူလိုင်၊ ၁၆

အငြင်းပွားမှုတွေ ရှိနေပေမယ့်လည်း ပြည်သူတွေအတွက် ဒစ်ဂျစ်တယ် ငွေကြေးတွေ ဖြန့်ဝေပေးမယ့် အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ထိုင်းအစိုးရက အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

အဲဒီ အစီအစဉ်ဟာ နိုင်ငံသားတွေ ဒစ်ဂျစ်တယ် ငွေကြေး သုံးစွဲမှုနဲ့ ပိုမို အသားကျ ရင်းနှီးလာအောင် လှုံ့ဆော်ဖို့နဲ့ တိုးတက်မှု နှေးကွေးနေတဲ့ နိုင်ငံစီးပွားရေးကို အားပေး ကူညီဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စရိတ်အားဖြင့် ဒေါ်လာ ၁၄ ဘီလီယံ နီးပါးလောက် ကုန်ကျမှာ ဖြစ်သလို ရည်မှန်းထားသလို အမှန်တကယ် အထမြောက်နိုင်ခြေနဲ့ ပတ်သက်ပြီး အငြင်းပွား ဝေဖန်မှုတွေကလည်း ရှိနေဆဲပါ။

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က အစိုးရရဲ့ အဲဒီ ဒစ်ဂျစ်တယ်ငွေကြေး ဖြန့်ဝေရေး အစီအစဉ်မှာ စိတ်ဝင်တစား ပူးပေါင်းပါဝင်လိုတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေဟာ ဩဂုတ်လကစလို့ မှတ်ပုံတင်ခွင့် ရမယ်လို့ ပြောကြားခဲ့ပါတယ်။

Digital Walletလို့ နာမည်ပေးထားတဲ့ အဲဒီလို ရည်မှန်းချက် ကြီးမားတဲ့ အစီအစဉ်ကို ဧပြီလမှာ အစိုးရက စတင် မိတ်ဆက်ခဲ့ပါတယ်။ အစီအစဉ်အရ ထိုင်းပြည်သူ တဦးစီကို ဘတ် ၁၀၀၀၀ (၂၇၅ ဒေါ်လာဝန်းကျင်) ဒစ်ဂျစ်တယ် ငွေသား ထုတ်ပေးမှာဖြစ်ပြီး အဲဒီငွေတွေကို ဒေသတွင်း စီးပွားရေး လုပ်ငန်းတွေရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူရာမှာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသတွင်း လုပ်ငန်းတွေကို အားပေးဖို့ ရည်ရွယ်ထားတာ ဖြစ်တဲ့အလျောက် မှတ်ပုံတင်ထားတဲ့ နယ်မြေတဝိုက်မှာသာ အဲဒီငွေသားကို သုံးစွဲခွင့် ပြုတာမျိုး ကန့်သတ်ချက်တွေနဲ့ ပြန်လည် ထိန်းညှိထားပါတယ်။

ဝန်ကြီးချုပ် ဆရက်သာက ဩဂုတ် ၁ ရက်စပြီး Digital Walletအတွက် ပူးပေါင်းလိုသူတွေ မှတ်ပုံတင်ဖို့ စပြီး ခွင့်ပြုမှာဖြစ်ကြောင်း၊ အစိုးရဟာ အဲဒီစီမံကိန်း ချောချောမောမေ အကောင်အထည် ဖော်နိုင်ရေးအတွက် အစွမ်းကုန် ကြိုတင်ပြင်ဆင်ထားကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

Digital Walletဟာ လက်ရှိ အာဏာရ ညွန့်ပေါင်းအစိုးရကို ဦးဆောင်နေတဲ့ ဖျူထိုင်းပါတီ (PTP)ရဲ့ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေအတွင်း အရေးအကြီးဆုံး ကတိတခု ဖြစ်ခဲ့ဖူးပါတယ်။ ထိုင်းအစိုးရက Digital Wallet အကောင်အထည် ပေါ်လာတဲ့ အချိန်မှာ နိုင်ငံရဲ့ GDP တန်ဖိုးဟာ ၁.၂ ကနေ ၁.၆ ရာခိုင်နှုန်းလောက် ထိုးတက်အောင် လှုံ့ဆော်မှုတွေ ဖြစ်လာစေမယ်လို့ ကြွေးကြော်ထားပါတယ်။

တဖက်မှာတော့ စီးပွားရေး ပညာရှင် တချို့က အဲဒီ ရွေးချယ်မှုဟာ အမှန်တကယ် အကျိုးမရှိလှတဲ့ စိတ်ကူးမျိုးလို့ ဝေဖန်ပြီး ပိုပြီး သင့်တော်တဲ့ တခြား ရွေးချယ်စရာတွေ ရှိနေတယ်လို့ ထောက်ပြထားကြပါတယ်။

Ref: AP