Photo- SSPP Info (ပုံစာ – မိုင်းရယ်မြို့အတွင်း ဝင်ရောက်လာတဲ့ SSPP/SSA တပ်ဖွဲ့ဝင်တချို့)
ဇူလိုင်၊ ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့မှာ တပ်ဖွဲ့ဝင်အင်အားထောင်ချီသုံးပြီး ဝင်ရောက်တပ်စွဲထားလိုက်တာဟာ ကိုယ့်တပ်ဖွဲ့ရဲ့ စိုးမိုးနယ်မြေ တခြားအဖွဲ့အစည်းရဲ့ လက်အောက်ကို မကျရောက်ဖို့ဖြစ်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။
“ဒီဒေသက ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အခြားအဖွဲ့အစည်းတွေ လက်ထဲကို ရောက်မသွားအောင် ကာကွယ်ဖို့နဲ့ ရှမ်းပြည်တပ်မတော် အုပ်ချုပ်မှုအောက်မှာ ဆက်ပြီးတော့ ရှိနေအောင် အခုလို လုပ်လိုက်တာ ဖြစ်တယ်” လို့ ဗိုလ်မှူးကြီး စိုင်းဆုက ဆိုပါတယ်။
မိုင်းရယ်မြို့ထဲကို ဝင်ရောက်လာတာနဲ့ပတ်သက်ပြီး SSPP/SSA ရဲ့ ပြန်ကြားရေးစာမျက်နှာကနေတဆင့် ထုတ်ပြန်ချက်မှာ အခုလို ပြောဆိုထားတာပါ။
လားရှိုးမြို့ အရှေ့တောင်ဘက် မိုင် ငါးဆယ်ကျော်အကွာမှာရှိတဲ့ မိုင်းရယ်မြို့ထဲကို SSPP/SSA က အင်အားထောင်ချီသုံးပြီး ဇူလိုင် ၁၂ ရက်၊ ညကတည်းက ဝင်ရောက်တပ်စွဲထားခဲ့တာပါ။
ဒါ့အပြင် နောက်တရက် ဇူလိုင် ၁၃ ရက်၊ မနက်ပိုင်းမှာလည်း အင်အားထပ်မံဖြည့်တင်းပြီး မိုင်းရယ်မြို့နယ်အတွင်းရှိ နေရာအနှံ့ကို တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။
SSPP/SSA ဘက်ကတော့ မိုင်းရယ်ဒေသဟာ သူတို့တပ်ဖွဲ့ နှစ်ပေါင်းများစွာ စိုးမိုးလာတဲ့ နယ်မြေဖြစ်သလို ဒေသတည်ငြိမ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက်လည်း အခုလို ဝင်ရောက်တပ်စွဲလိုက်တာလို့လည်း ဆိုထားပါတယ်။
“ပြည်သူတွေကလဲ သူတို့ကို ကာကွယ်ပေးဖို့ ကျနော်တို့ကို တောင်းဆိုကြပါတယ်” လို့လည်း SSPP/SSA အတွင်းရေးမှူး (၂)လည်းဖြစ်သူ ဗိုလ်မှူးကြီး စိုင်းဆုက ပြောထားပါတယ်။
ရှမ်းတိုင်းရင်းသားအများစု နေထိုင်တဲ့ မိုင်းရယ်မြို့နယ်ထဲမှာတော့ ရှေ့တပတ်လောက်ကတည်းက ကိုးကန့်တပ်(MNDAA)နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတာပါ။
မိုင်းရယ်မြို့ မြောက်ဘက် ငါးမိုင်ကျော်အကွာ မိုင်းရယ်-တန့်ယန်း လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီခြေလျင်တပ်ရင်း(ခလရ) ၆၇ ကို MNDAA က တိုက်ခိုက်နေလို့ နှစ်ဖက်တိုက်ပွဲတွေ ရှိနေတာလို့ သိရပါတယ်။
ဒါ့အပြင် လားရှိုးနဲ့ မိုင်းရယ်ကြား နမ့်ပေါင်တိုက်နယ်မှာရှိတဲ့ ခလရ ၂၉၁ ကိုလည်း ဇူလိုင်လ ပထမပတ်အတွင်းမှာပဲ MNDAA က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပါတယ်။
SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆုကတော့ မိုင်းရယ်ကို သူတို့တပ်တွေ မဝင်ရောက်ခင် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်နေတဲ့ MNDAA နဲ့ ကြိုတင်ညှိနှိုင်းခဲ့တယ်လို့ BBC သတင်းဌာနကို ပြောဆိုထားပါတယ်။
မိုင်းရယ်မြို့နယ်အတွင်းမှာတော့ ခလရ ၆၇ အပြင်၊ မိုင်းရယ်မြို့ပေါ်မှာ ခမရ ၃၂၅၊ အမြောက်တပ်(အမတ) ၃၅၀ နဲ့ ဝမ်ဖြတ်ရွာမှာ ခလရ ၂၂ တို့ အခြေစိုက်ထားပါတယ်။
မိုင်းရယ်မြို့တွင်း SSPP/SSA တပ်တွေဝင်ရောက်လာတဲ့အချိန် စစ်ကောင်စီရဲ့ မြို့စောင့်တပ်တွေနဲ့ ပစ်ခတ်မှုဖြစ်တာ မရှိခဲ့ဘဲ အဲလို ဝင်ရောက်ဖို့အတွက် စစ်ကောင်စီတပ်နဲ့ SSPP/SSA တို့ကြား ကြိုတင်ညှိနှိုင်းမှု ရှိ၊ မရှိဆိုတာကိုတော့ DNA အနေနဲ့ အတိအကျ အတည်မပြုနိုင်ပါဘူး။
ဒါပေမယ့် သီပေါနဲ့ မိုင်းရယ်ကြားက ဆောင်ကြဲရွာဘက်မှာတော့ ဇူလိုင် ၁၃ ရက်၊ မနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆိုင်ကြော့ဘက်မှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
အလားတူပဲ မိုင်းရယ်မြို့ရဲ့ အရှေ့ဘက် မိုင် လေးဆယ်ခန့်အကွာ တန့်ယန်းမြို့ကိုလည်း တိုက်ပွဲတွေ မကူးစက်လာအောင်လို့ဆိုကာ ဇူလိုင် ၁၁ ရက်နေ့မှာ ‘ဝ’ တပ်ဖွဲ့ (UWSA)က တပ်အင်အား ရာချီသုံးပြီး ဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေတဲ့ တအာင်းတပ်(TNLA)က တန့်ယန်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စတင်တိုက်ခိုက်လာချိန်မှာပဲ သံလွင်မြစ်အရှေ့ခြမ်းမှာ အခြေချတဲ့ UWSA က သံလွင်မြစ်အနောက်ခြမ်းက တန့်ယန်းမြို့ကို လာရောက်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။
UWSAနဲ. SSPP/SSAက မဟာမိတ်ဆက်ဆံရေးရှိတဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်။
လက်ရှိအချိန်ထိတော့ မိုင်းရယ်မြို့နဲ့ တန့်ယန်းမြို့က စစ်ကောင်စီတပ်ရင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားတာမျိုးတွေတော့ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ တကျော့ပြန်စတင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်မှာ TNLA က နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်ရင်း သုံးခုစလုံးကို သိမ်းပိုက်ရရှိထားပြီး ကျောက်မဲမြို့ရှိ စကခ ၁ ၊ ခမရ ၅၀၁၊ ၅၀၂ တို့ကိုတော့ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
TNLA က တိုက်ခိုက်နေတဲ့ ကျောက်မဲမြို့နဲ့ SSPP/SSA ထိန်းချုပ်ထားတဲ့ မိုင်းရယ်မြို့ကြားမှာရှိပြီး စစ်ကောင်စီတပ်ရင်း လေးရင်းခန့်အခြေစိုက်ထားတဲ့ သီပေါမြို့မှာတော့ လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားတာမရှိပါဘူး။
TNLA နဲ့ SSPP/SSA ကြားမှာတော့ ဇူလိုင်လ ပထမပတ်အတွင်း အရာရှိတွေ ကျဆုံးတဲ့အထိ နှစ်ဖက်ပစ်ခတ်မှုတွေ ရှိထားပြီး အဲဒီပဋိပက္ခတွေကို ကြားဝင်ဖြေရှင်းပေးဖို့ UWSA ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးမှု ညှိနှိုင်းရေးကော်မတီ(FPNCC)ကို နှစ်ဖက်စလုံးက တောင်းဆိုထားကြပါတယ်။