စစ်ကောင်စီခံစစ်ပြင်နေတဲ့သံတွဲနဲ့မောင်တောမှာမိုင်းအန္တရာယ်သတိပြုနေထိုင်သွားလာဖို့ AA သတိပေး

ဇူလိုင် ၊ ၁၃

တိုက်ပွဲဖြစ်ပွားနေတဲ့သံတွဲ နဲ့မောင်တောမြို့တွေမှာစစ်ကောင်စီကခံစစ်ပြင်ဆင်နေပြီး  မြို့တွင်း ဝင်ရောက်နိုင်မယ့် နေရာ၊ တံတားတွေနဲ့ စခန်းချခဲ့တဲ့ နေရာတွေမှာ မိုင်းထောင်ထားတဲ့အတွက် ပြည်သူတွေအနေနဲ့ မိုင်းအန္တရာယ် သတိပြုနေထိုင်သွားလာကြဖို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ဇူလိုင်၁၃ရက်မှာ ထုတ်ပြန် အသိပေးလိုက် ပါတယ်။

အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်တဲ့ မြို့တွေရှိ စစ်ကောင်စီအခြေစိုက် တပ်စခန်း၊ ဗျူဟာဌာနချုပ်၊ စကခဌာနချုပ်၊ တပ်စခန်းပတ်ဝန်းကျင်၊ လူသွားလမ်း၊ စာသင်ကျောင်းနဲ့စားကျက်မြေတွေမှာ စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်း နင်းမိလို့ ဒေသခံအရပ်သားတွေ နေ့တိုင်းလိုလို အသက်သေဆုံး၊ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာတွေ ကြုံတွေ့နေရတယ်လို့ AAကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၂) ရက်နေ့ကလည်း သံတွဲမြို့၊ နံတော်တောင်တံတား (နန်းချောင်းတံတား)ကို ဖောက်ခွဲဖျက်ဆီးဖို့ စစ်ကောင်စီကမိုင်းထောင်ထားခဲတယ်၊ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေ ဆုတ်ခွာထွက်ပြေးသွားရာလမ်းတလျှောက်နဲ့စခန်းချရာ အနီးပတ်ဝန်းကျင်မှာလည်း မိုင်းထောင်ထားတယ်လို့ဖော်ပြထားပါတယ်။

ဒါကြောင့်မလို့အရပ်သားပြည်သူလူထုအနေနဲ့မိုင်းနဲ့ပတ်သက်တဲ့ဗဟုသုတ၊ အသိပညာသိရှိအောင် ပြုလုပ်ထားကြဖို့၊စစ်ကောင်စီ  တပ်စခန်းနဲ့ပတ်ဝန်းကျင်၊ (ယာယီ)စခန်းချခဲ့တဲ့ နေရာတွေကို မိုင်းအန္တရာယ် သတိမမူဘဲ သွားလာတာ၊ သားကောင်ရှာဖွေတာ၊ ကျွဲ၊ နွားအစာကျွေးဖို့စေလွှတ်ထားတာတွေကို လတ်တလောအခြေအနေမှာ မပြုလုပ်ကြဘဲ မိုင်းသတိနဲ့သွားလာနေထိုင်ကြဖို့အသိပေး ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် လက်တလောမှာလည်း စစ်ကောင်စီတပ်က သံတွဲမြို့ထဲကို တိုက်ပွဲတစုံတရာ မရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက် လုပ်နေပြီး တိုက်ပွဲကာလ သုံးလကျော်အတွင်း သံတွဲမြို့နယ် တခုတည်းမှာ အရပ်သားသေဆုံးသူ တရာ၀န်းကျင်အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ဟာ သံတွဲမြို့နဲ့ လေးမိုင်၀န်းကျင်အကွာ ငပလီကမ်းခြေရှိ စစ်ကောင်စီရဲ့ ခမရ ၅၆၆နဲ့ ခလရ ၅၅ တပ်ရင်းတို့နှစ်ခုလုံးကို သိမ်းပိုက်ထားပြီး ငပလီ – သံတွဲလမ်းနဲ့ တောင်ကုတ် – သံတွဲလမ်းပိုင်းတို့ကိုလည်း ထိန်းချုပ်ထားပါတယ်။

သံတွဲမြို့နယ်မှာ စစ်ကောင်စီဖက်က သဗြုချိုင်ရေတပ်စခန်း၊ ဂျိတ်တောရွာစခန်းနဲ့ မြို့ပေါ်နေရာအချို့တို့သာ ကျန်တော့ပြီး အဲဒီစခန်းတွေ သိမ်းပိုက်ပြီးရင်တော့ မြို့နယ်တခုလုံး AA ထိန်းချုပ်မှုအောက် ရောက်သွားတော့မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက်၀က်ကျော်(ကိုးမြို့)ကို သိမ်းပိုက်ထားပြီး ပြည်နယ်တခုလုံး ထိန်းချုပ်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ သံတွဲအပြင် မောင်တောမြို့ကိုပါ အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေကာ အမ်းအခြေစိုက်တပ်စခန်း၊ တပ်ရင်းတွေကိုပါ တိုက်ခိုက်နေပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ်နဲ့ ကပ်ရပ်၊ ဧရာ၀တီတိုင်းအစပ် ဂွမြို့နယ်မှာလည်း စစ်ရေးပြင်ဆင်မှုတွေ လုပ်နေကာ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့မှာလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာပါ။

Photo – AA Info