နိုက်ဂျီးရီးယားမှာ စာသင်ကျောင်း ပြိုကျပြီး ကလေးနှစ်ဆယ်ကျော် သေဆုံး

ဇူလိုင် ၊ ၁၁

နိုက်ဂျီးရီးယား နိုင်ငံမှာ ကျောင်းအဆောက်အအုံတခု ပြိုကျမှုကြောင့် ကလေး ၂၀ ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

နိုက်ဂျီးရီးယား အလယ်ပိုင်းမှာရှိတဲ့ ပလက်ကျူး ပြည်နယ်မှာ ကျောင်းပြိုမှု ဖြစ်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်မှာ ကလေး ၂၂ ဦးသေဆုံးခဲ့ပြီး ၁၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ပြည်နယ်မြို့တော် ဟို့စ်မှာရှိတဲ့ Saint Academyမှာ ဇူလိုင် ၁၂ ရက်နေ့က ကလေးတွေ စုံစုံညီညီ ကျောင်းတက်နေတုန်း ကျောင်းပြိုကျခဲ့တာပါ။ ကလေး အများအပြားဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ မြေကော်စက်တွေ၊ ဆယ်ပေါင်တူကြီးတွေအပြင် လက်ဗလာနဲ့ပါ အပျက်အစီးတွေကို ရှင်းလင်းပြီး ကလေးတွေကို ရှာဖွေ ကယ်ဆယ်ဖို့ အပူတပြင်း ကြိုးစားနေခဲ့ကြပါတယ်။

လက်ရှိမှာ ကလေး ၂၂ ယောက်ထိ သေဆုံးခဲ့ကြောင်း ဆေးရုံတွေက ထုတ်ပြန်ထားပေမယ့် အသေအပျောက် ကိန်းဂဏန်းတွေ မြင့်တက်လာနိုင်ခြေ ရှိနေဆဲပါ။

ကျောင်းအဆောက်အအုံ ရုတ်တရက် ပြိုကျရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ အဲဒီတုန်းက ကျောင်းထဲမှာ ကလေးဦးရေ ၁၀၀၀ ကျော် စာသင်ကြားနေခဲ့တယ်လို့ ယုံကြည်ရပါတယ်။

နိုက်ဂျီးရီးယားမှာ အသေအပျောက် များပြားတဲ့ အဆောက်အအုံ ပြိုကျမှုတွေ ရံဖန်ရံခါ ကြုံရလေ့ရှိပြီး အဆောက်အအုံ တည်ဆောက်ရာမှာ ကြံ့ခိုင်မှု စံနှုန်းတွေ၊ ပါဝင်ပစ္စည်း အရည်အသွေးတွေကို အာဏာပိုင်တွေက စိစစ်မှု အားနည်းခြင်းက အဓိက အကြောင်းတရားတခု ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်တုန်းကလည်း လာဂို့စ်မှာရှိတဲ့ လူကုံထံ ရပ်ကွက်တခုမှာ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၄၅ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

Ref: BBC