KNU နယ်မြေတွေမှာ ခြောက်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တရက်ပျမ်းမျှဆယ်ဦးကျော် သေဆုံးခဲ့တယ်လို့ဆို

Photo – KNU

ဇူလိုင်၊ ၁၂

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ဒေသတွေမှာ ပြီးခဲ့တဲ့ခြောက်လအတွင်းတိုက်ပွဲတွေကြောင့် စစ် ကောင်စီတပ်ဖွဲ့ဝင် တရက်ပျမ်းမျှ ဆယ်ဦးကျော်နှုန်းသေဆုံးခဲ့တယ်လို့ KNU က ဒီကနေ့ထုတ်ပြန်ပါတယ်။

အခုနှစ်ဆန်းကနေ ဇွန်လကုန်အထိ နှစ်ဝက်အတွင်း KNU ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲကြီး/ငယ်စုစုပေါင်း ၁၈၂၇ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၉၀၀ကျော်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

ဒါဟာ စစ်ကောင်စီနဲ့ KNU ပူးပေါင်းတပ်တွေကြား တရက် ပျမ်းမျှဆယ်ကြိမ်နှုန်းလောက်နဲ့တိုက်ပွဲတွေဖြစ်ခဲ့ကာ တိုက်ပွဲတကြိမ်ဖြစ်တိုင်း စစ်ကောင်စီဘက်က ပျမ်းမျှတဦးကျော်နှုန်းလောက်သေဆုံးခဲ့တဲ့သဘောလည်း ဖြစ်ပါ တယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ဒဏ်ရာရသူ စုစုပေါင်း ၁၂၇၅ရှိတယ်လို့လည်း KNU ရဲ့ခြောက်လတာ စစ်ရေးအခြေ အနေထုတ်ပြန်ချက်ကဆိုပါတယ်။

တော်လှန်ရေး  ပူးပေါင်းတပ်တွေဘက်ကတော့ ခြောက်လအတွင်း ၈၁ဦးသေဆုံးကာ သုံးရာနီးပါး ဒဏ်ရာရခဲ့ကြ တယ်လို့ သိရပါတယ်။

KNU ဘက်က ထုတ်ပြန်လာတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ခြောက်လအတွင်း တပ်မဟာ(၅) ဖာပွန်ခရိုင် ထဲမှာ တိုက်ပွဲအကြိမ်ရေ ၄၅၀ကျော်နဲ့ အများဆုံးဖြစ်ခဲ့ပြီး တပ်မဟာ(၃)နယ်မြေ ပဲခူးတိုင်း၊ညောင်လေးပင် ဒေသမှာတော့ တိုက်ပွဲပေါင်း ၄၃၃ ကြိမ်နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

ကော့ကရိတ်၊သင်္ဃန်းညီနောင်၊မြဝတီမြို့နယ်တွေပါဝင်တဲ့ တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်မှာ တိုက်ပွဲ ပေါင်း ၂၈၅ကြိမ်၊တပ်မဟာ၂နယ်မြေ တောင်ငူခရိုင်မှာ ၂၆၄ကြိမ်၊တပ်မဟာ(၁)သထုံခရိုင်မှာ ၁၇၇ကြိမ်၊ တပ်မ ဟာ(၇)ဘားအံခရိုင်မှာ ၁၅၀ကြိမ် အသီးသီးတိုက်ပွဲတွေဖြစ်ခဲ့ပြီး မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ ကတော့ ၆၇ကြိမ်နဲ့အနည်းဆုံးဖြစ်ပါတယ်။

ခြောက်လအတွင်း စစ်ကောင်စီက KNU ထိန်းချုပ်ဒေသတွေထဲ လက်နက်ကြီး ၁၂၄၉ကြိမ်၊လေကြောင်း တိုက် ခိုက်မှု ၈၅၀နဲ့ဒရုန်းနဲ့တိုက်ခိုက်မှု ၁၀၆ကြိမ်အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် ၂၃၀၀ကျော်ကို ကျူး လွန်ခဲ့တယ်လို့လည်း KNU ကစွပ်စွဲထားပါတယ်။

ဒီတိုက်ခိုပ်မှုတွေကြောင့် ပြည်သူ ၁၃၄ ဦးသေဆုံးကာ ၄၃၉ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ၉၆ဦးကတော့ဖမ်းဆီးခံရ တယ်လို့ KNU ရဲ့အချက်အလက်တွေကဆိုပါတယ်။

ဒါ့အပြင် လူနေအိမ် တထောင်ကျော်၊ဘုန်းတော်ကြီးကျောင်း ၂၃ကျောင်း၊ဘုရားကျောင်း ခြောက်ကျောင်း၊စာသင် ကျောင်း ၁၄ကျောင်းလည်းပျက်စီးခဲ့တယ်လို့ဖော်ပြပါတယ်။

စစ်ကောင်စီကတော့ နှစ်ဖက်တိုက်ပွဲအတွင်း သူတို့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှု အခြေအနေ တွေကို ထုတ်ပြန်လေ့မရှိပေမယ့် အရပ်ဘက်နေရာတွေနဲ့ ဌာနဆိုင်ရာအဆောက်အအုံတွေ တိုက် ခိုက်ခံရတာ တွေကိုတော့ KNU ပူးပေါင်းတပ်တွေကျူးလွန်တယ်လို့ထုတ်ပြန်လေ့ရှိပါတယ်။

KNU ကတော့ သူတို့ထိန်းချုပ်နယ်မြေတွေထဲ တိုက်ပွဲတွေနဲ့ အရပ်ဘက်နေရာတွေကို စစ်ကောင်စီရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ခြောက်လအတွင်း စစ်ဘေးရှောင် ၁၂သိန်းကျော်အထိရှိလာပြီး တပ်မဟာသုံးနယ်မြေ ညောင်လေးပင်ခရိုင်မှာ အများဆုံးဖြစ်ကာ လူဦးရေလေးသိန်းကျော်အထိစစ်ရှောင်ခဲ့ရတယ်လို့ ဖော်ပြပါတယ်။